ဘရန်ဖိုဒ့်-ပဲလေ့စ် ပွဲစဉ်မှာ ဒိုင်လူကြီးက အမှားပြုလုပ်မိခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ အီဇီ ဆို

0

မနေ့က ဘရန်ဖိုဒ့်(၂-၁)ခရစ္စတယ်ပဲလေ့စ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံကစားသမား အီဇီက သူ့ရဲ့သွင်းဂိုးကို အငြင်းပွားဖွယ်ခွင့်မပြုခဲ့တဲ့အပေါ်မှာ ကွင်းလယ်ဒိုင်လူကြီး ဘာရော့တ်က သူအမှားလုပ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အီဇီဟာ ကိုက်(၃၀)အကွာက ပြစ်ဒဏ်ဘောကန်ချက်ကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ဒီဂိုးကို ခွင့်ပြုခဲ့ခြင်းမရှိတာပါ။

အီဇီရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက်ဟာ ကောင်းမွန်ခဲ့ပြီး ဂိုးထဲဝင်သွားခဲ့ပေမယ့် ဒီပြစ်ဒဏ်ဘောကန်သွင်းချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကွင်းလယ်လူ ဟုချ့်စ်က ဘရန်ဖိုဒ့်အသင်းနောက်ခံလူ ကောလင်းစ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့သလိုဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက အီဇီကန်သွင်းချိန်မှာကတည်းက ပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်ခဲ့ပြီး ဂိုးကိုခွင့်ပြုခဲ့ခြင်းမရှိတာပါ။

အီဇီက “ကွင်းလယ်ဒိုင်လူကြီးက သူဝီစီမှုတ်တာစောလွန်းပြီး အမှားလုပ်မိခဲ့တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ဒါက ပွဲကိုပြောင်းလဲနိုင်စေတဲ့ အရာဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ဒါကို ရင်ဆိုင်ကိုင်တွယ်ရမှာပါ”လို့ BBC Match of the Day ကို ပြောခဲ့ပါတယ်။

ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေဖြစ်တဲ့ မီကာရစ်ချတ်နဲ့ ဂျေမီရက်နပ်တို့က ဟုချ့်စ်ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ Sky Sports ကို ပြောခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက “အမှားပြုလုပ်ခဲ့တာကို ဝန်ခံခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ ကြီးမြတ်တဲ့သူဖြစ်တယ်ဆိုတာပြသခဲ့တယ်”လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *