ထောင့်ကန်ဘောမကန်ခင် ကွင်းထဲဆီးသွားခဲ့လို့ ကစားသမားတစ်ဦး အနီကတ်ပြ ထုတ်ပယ်ခံရ

0

ပီရူးနိုင်ငံက ပြည်တွင်းဘောလုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ အက်သလက်တီကိုအဝါဂျွန်နဲ့ ကန်တိုချီလိုအသင်းတို့ရဲ့Copa Peru ပွဲစဉ်မှာ အက်သလက်တီကိုအဝါဂျွန်အသင်းက ကစားသမားတစ်ဦးဟာ သူတို့ရရှိမယ့် ထောင့်ကန်ဘောမကန်ခင် ကွင်းထဲဆီးသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။

ဂိုးမရှိသရေကျနေတဲ့ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၁)မိနစ်မှာ အက်သလက်တီကိုအဝါဂျွန်အသင်း ထောင့်ကန်ဘောရရှိချိန်မှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။

ကန်တိုချီလိုအသင်းဂိုးသမားဖြစ်သူ ပယ်နယ်တီဧရိယာအတွင်း ဆေးကုသမှုခံယူနေချိန်မှာ အက်သလက်တီကိုအဝါဂျွန်အသင်းကစားသမား မူနော့ဇ်ဟာ ထောင့်ကန်ဘောကန်ဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။

အဲဒီနောက် ပြိုင်ဘက်ဂိုးသမားကို ကုသမှုကြောင့် ပွဲကစားဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတာကို သိတဲ့ မူနော့ဇ်ဟာ ကွင်းထောင့်မှာ အပေါ့သွားခဲ့တာပါ။ ဒါကို ကန်တိုချီလိုအသင်းက ကစားသမားတစ်ဦးက တွေ့သွားပြီး ကွင်းလယ်ဒိုင်လူကြီးကို အသိပေးခဲ့ပါတယ်။

အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးဟာ မူနော့ဇ်ဆီကို သွားရောက်ပြီး တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ ပြိုင်ပွဲယှဉ်ပြိုင်ချိန်အတွင်း ကစားသမားတစ်ဦး အခုလို ကွင်းအတွင်း အပေါ့သွားတာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

၂၀၁၇ က ဆဲလ်ဖိုဒ့်အသင်းဂိုးသမားဖြစ်သူဟာ ဘရက်ဖိုဒ့်အသင်းနဲ့ National League North ပွဲစဉ်မှာ ကွင်းအတွင်း ဆီးသွားခြင်းအတွက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အစောပိုင်းတစ်နှစ်ကလည်း မန်ဖီးလ်အသင်းတိုက်စစ်မှူး အဒီဟာ ပလိုင်းမောက်အသင်းနဲ့ လိဂ်တူးပွဲစဉ်မှာ ကွင်းအတွင်း ဆီးသွားခဲ့လို့ ဒဏ်ကြေးငွေနဲ့ ပွဲကစားခွင့်(၅)ပွဲပယ်ခံခဲ့ရပါတယ်။ နာမည်ကျော်ဘောလုံးသမားတွေဖြစ်တဲ့ အာဆင်နယ်အသင်းဂိုးသမားဟောင်း လေမန်းနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာတို့လည်း ကွင်းထဲအပေါ့/အလေးသွားတဲ့ အဖြစ်အပျက်တွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *