PFA နေရာအလိုက် အကောင်းဆုံးအသင်းမှာ ကိုးလ်ပါမားကို ချန်လှပ်ခဲ့တဲ့အပေါ် ပရိသတ်တွေ ဝေဖန်

0

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ကိုးလ်ပါမားကို PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ချန်လှပ်ခဲ့တဲ့အပေါ် ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

ကိုးလ်ပါမားဟာ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ မပါဝင်ခဲ့ပေမယ့် PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက မန်စီးတီးအသင်းကနေ ပေါင်(၄၂.၅)သန်းနဲ့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကိုးလ်ပါမားဟာ သူ့ရဲ့ပွဲဦးထွက်ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၂)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၁၁)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ကိုးလ်ပါမားဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ကစားသမားတွေမဲပေးရွေးချယ်တဲ့ နေရာအလိုက်အကောင်းဆုံးအသင်းမှာ ချန်လှပ်ခံရတဲ့အပေါ် ပရိသတ်တွေက ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာပါ။

ပရိသတ်တစ်ဦးက “တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ကိုးလ်ပါမားမပါဝင်တာက ရယ်စရာကောင်းပါတယ်”လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးက “သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအများဆုံးလုပ်ထားတဲ့သူက ဒီစာရင်းထဲမပါဝင်ဘူးလား၊ဘာလဲ”လို့ ရေးသားခဲ့ကာ နောက်ထပ်တစ်ဦးက “ကိုးလ်ပါမားက လုယက်ခံခဲ့ရတယ်”လို့ မှတ်ချက်တွေရေးသားခဲ့တာဖြစ်ပါတယ်။

PAF တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ကိုးလ်ပါမားရဲ့အင်္ဂလန်အသင်းဖော် ဖိုဒန်ဟာ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပါတယ်။ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ အာဆင်နယ်အသင်းက(၅)ဦးနဲ့ မန်စီးတီးအသင်းက(၄)ဦးအထိ ပါဝင်ခဲ့ပြီး အက်စတွန်ဗီလာနဲ့ လီဗာပူးလ်အသင်းက(၁)ဦးစီ ပါဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *