ကွန်းဖရန့်လိဂ် Play-off ပွဲအတွက် လူစာရင်းမှာ စတာလင်နဲ့ ဘင်ချီဝဲလ်ကို ချယ်လ်ဆီး ချန်လှပ်

0

ချယ်လ်ဆီးအသင်းဟာ ဆွစ်ဇာလန်ကလပ် ဆာဗတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်းဖရန့်လိဂ် Play-off ပွဲအတွက် UEFA ထံ လူစာရင်းတင်သွင်းရာမှာ တောင်ပံကစားသမား စတာလင်နဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တို့ကို ချန်လှပ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ စတာလင်နဲ့ ဘင်ချီဝဲလ်တို့အပြင် နောက်ခံလူတွေဖြစ်တဲ့ ဖိုဖာနာနဲ့ တိုဆင်တို့ကိုလည်း A list လူစာရင်းထဲမှာ ချန်လှပ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဆာဗတ်အသင်းကို အနိုင်ရပြီး အုပ်စုအဆင့်ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင် စတာလင်ဟာ လူစာရင်းထဲ ပြန်လည်ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ စတာလင်နဲ့ ဘင်ချီဝဲလ်တို့ဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းလူစာရင်းမှာ မပါဝင်ခဲ့ပြီးနောက် သူတို့ရဲ့အနာဂတ်ဟာ ကလပ်မှာ မရေမရာဖြစ်လာခဲ့တာပါ။ စတာလင်ရဲ့ကိုယ်စားလှယ်တွေက မန်စီးတီးအသင်းနဲ့ပွဲစဉ်မတိုင်ခင်က သူ့ကစားသမားရဲ့အနာဂတ်ကို ရှင်းရှင်းလင်းလင်းသိချင်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ကလပ်အသင်းကနေ ထွက်ခွာတာက သူ့အတွက် ပိုပြီးကောင်းလိမ့်မယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောထားတာပါ။ ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား(၁၁)ဦးခေါ်ယူထားပြီး ပြောင်းရွှေ့ကြေးအသုံးစရိတ်ပေါင်(၁၈၅)သန်းသုံးစွဲထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းလူစာရင်းမှာ ကစားသမားဦးရေ(၄၀)ကျော်အထိ ရှိနေတာကြောင့် အပြောင်းအရွှေ့မပိတ်ခင် ကစားသမားအချို့ကို ရောင်းချဖို့လုပ်ဆောင်နေတာပါ။

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဘရော်ယာဟာ ပရီးမီးယားလိဂ်တန်းတက်ကလပ် အစ်ဝှစ်ချ်အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ အစ်ဝစ်ချ်အသင်းဟာ ဘရော်ယာကို ရာသီကုန်ဆုံးချိန်မှာ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခွင့်ရှိပြီး တန်းမဆင်းရဘူးဆိုရင် မဖြစ်မနေခေါ်ယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *