နက်တိုနဲ့ ဂျော်အိုဖီးလစ်တို့ ရောက်လာတာကြောင့် စတာလင်နဲ့ ချာလိုဘာတို့ ကျောနံပတ် ဆုံးရှုံး

0

ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေဖြစ်တဲ့ ပေါ်တူဂီတောင်ပံကစားသမား ပက်ဒရိုနက်တိုနဲ့ တိုက်စစ်ကစားသမား ဂျော်အိုဖီးလစ်တို့ရဲ့ကျောနံပါတ်တွေကို ကြေညာလိုက်တာကြောင့် တောင်ပံကစားသမား စတာလင်နဲ့ နောက်ခံလူ ချာလိုဘာတို့ဟာ သူတို့ရဲ့ကျောနံပါတ်တွေကို ဆုံးရှုံးသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ပက်ဒရိုနက်တိုဟာ ကျောနံပါတ်(၇)၊ဂျော်အိုဖီးလစ်က ကျောနံပတ်(၁၄)ဝတ်ဆင်မယ်လို့ ကြေညာခဲ့တာပါ။

ပက်ဒရိုနက်တိုဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်မှာ ကျောနံပတ်(၁၉) ဝတ်ဆင်ခဲ့ပေမယ့် အခုအချိန်မှာ ကျောနံပတ်(၇)ပြောင်းလဲဝတ်ဆင်မှာဖြစ်လို့ စတာလင်ဟာ သူ့ရဲ့ကျောနံပတ်ကို ဆုံးရှုံးခဲ့ရတာပါ။

စတာလင်ဟာ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကိုပြောင်းရွှေ့ခဲ့ချိန်က ကျောနံပါတ်(၁၇)ဝတ်ဆင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ကျောနံပါတ်(၇) ဝတ်ဆင်ခဲ့တာပါ။ အင်္ဂလန်တောင်ပံကစားသမား စတာလင်ဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပွဲစဉ်(၁)မှာ ပါဝင်ခွင့်မရခဲ့သလို ကွန်းဖရန့်လိဂ် Play-off ပွဲအတွက် လူစာရင်းမှာလည်း ပါဝင်ခွင့်မရခဲ့လို့ ချယ်လ်ဆီးအသင်းက ထွက်ခွာရဖို့ သေချာနေပါတယ်။

ချယ်လ်ဆီးအသင်းအကယ်ဒမီထွက် ချာလိုဘာလည်း ရာသီကြိုခြေစမ်းပွဲတွေမှာကတည်းက ကလပ်အသင်းအတွက် မပါဝင်ခဲ့ဘဲ သီးခြားလေ့ကျင့်မှုတွေပြုလုပ်နေရသူပါ။ ချယ်လ်ဆီးအသင်းဟာ စတာလင်၊ ချာလိုဘာ ၊ဘင်ချီဝဲလ်တို့အပါအဝင် စီနီယာကစားသမား(၁၀)ဦးကို အသင်းကြီးနဲ့ အဝေးမှာ လေ့ကျင့်မှုတွေပြုလုပ်ခိုင်းထားပြီး သူတို့တွေဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက စတာလင်၊ ဘင်ချီဝဲလ်တို့အပါအဝင် ကစားသမားအချို့အနေနဲ့ ပွဲကစားခွင့်ရချင်ရင် ကလပ်အသင်းကနေ ထွက်ခွာတာက ပိုပြီးကောင်းတယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာ ယူရိုပါကွန်းဖရန့်လိဂ် Play-off (ပထမအကျော့)ပွဲစဉ်အဖြစ် ဆွစ်ဇာလန်ကလပ် ဆာဗတ်အသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *