(၂)နှစ်အရွယ် မယားပါသမီးကို ရက်ရက်စက်စက်လုပ်ခဲ့လို့ ထောင်နန်းစံရတော့မယ့် ဟုချ်မေဆန်

0

ချန်ပီယံရှစ်ကလပ် မီလ်ဝေါလ်အသင်းမှာ နှစ်ကြိမ်တိုင်ကစားခဲ့ဖူးတဲ့ ကီယာနန်ဟုချ်-မေဆန်(၃၂ နှစ်)ဟာ အသက်(၂)နှစ်သာရှိသေးတဲ့ ကလေးငယ်ကို သေလုမျောပါး အပြင်းအထန်ဒဏ်ရာရအောင် ရိုက်နှက်ခဲ့တာကြောင့် ထောင်ဒဏ်ကျခံရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

လန်ဒန်ကလပ် အာဆင်နယ်နဲ့ စပါးအသင်းတို့မှာ လူငယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ဖူးသူဟုချ်-မေဆန်ဟာ သူ့ရဲ့မယားပါသမီးကို ရက်ရက်စက်စက်လူမဆန်စွာ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

ဟုချ်-မေဆန်ဟာ Eastern Counties League မှာ ကစားနေတဲ့ လန်ဒန်အခြေစိုက်အပျော်တမ်းကလပ် အန်းဖီးလ်ဘရော့အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ကလေးငယ်ကို ရက်စက်စွာ ပြုလုပ်ခဲ့ပြီး ဒဏ်ရာတွေအများအပြားရတော့မှ လှေကားပေါ်က လိမ့်ကျခဲ့တယ်လို့ လိမ်ညာကာ ဆေးရုံတင်ကားကို ခေါ်ခဲ့ပါတယ်။

အဲဒီနောက် ဒေသတွင်း ဆေးရုံတစ်ခုကို တင်ပို့ခဲ့ပါတယ်။ ဒါပေမယ့် ကလေးငယ်ရဲ့ဒဏ်ရာတွေက မသင်္ကာစရာရှိတာကြောင့် တာဝန်ရှိသူတွေက စစ်ဆေးရာမှာ သူ့ရဲ့ကျူးလွန်မှုကို သိရှိခဲ့ရပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားရုံးမှာ တရားစွဲဆိုကြားနာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုတရားရုံးက သူ့မှာအပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး လာမယ့် စက်တင်ဘာ(၁၀)ရက်နေ့မှာ အမိန့်ချမှတ်မှာဖြစ်ကြောင်း သိရပါတယ်။ ဒီလုပ်ရပ်ကြောင့် လက်ရှိ သူနည်းပြအဖြစ်ဆောင်ရွက်နေတဲ့ အန်းဖီးလ်ဘရော့အသင်းကလည်း သူ့ကို ရာထူးကထုတ်ပယ်ခဲ့ပါတယ်။

ကလေးငယ်ကို ဦးခေါင်းဒဏ်ရာရရှိစေပြီး သတိလစ်မေ့မျောတဲ့အထိကျူးလွန်ခဲ့တဲ့ ဟုချ်-မေဆန်အနေနဲ့ ထောင်ဒဏ်ကျခံရဖို့ သေချာနေပြီး တရားသူကြီးက ဘယ်နှနှစ်ပြစ်ဒဏ်ပေးမလဲဆိုတာတော့ မကြာခင်သိရတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *