ဘရိုက်တန်-မန်ယူနိုက်တက်ပွဲမှာ လူစာရင်းထဲ ဆန်ချို ဘာကြောင့်မပါဝင်လဲဆိုတာ တန်ဟတ် ရှင်းပြ

0

ဒီနေ့ကစားခဲ့တဲ့ ဘရိုက်တန်(၂-၁)မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းလူစာရင်းထဲ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ဘာကြောင့်မပါဝင်လဲဆိုတာကို နည်းပြ အဲရစ်တန်ဟတ်က ပွဲမတိုင်ခင် TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။

ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာလည်း လူစာရင်းထဲ ပါဝင်ခဲ့ခြင်းမရှိတာပါ။

အဲရစ်တန်ဟတ်က “ဆန်ချိုဟာ ကွင်းထဲမှာ ရှိပေမယ့် ကျွန်တော်က ရွေးချယ်မှုပြုလုပ်တာပါ။ ကျွန်တော်တို့ဟာ လူစာရင်းအပြည့်အဝလိုအပ်ပြီး သူက သူတို့ထဲကတစ်ဦးပါ။ သူဟာ သူ့ရဲ့နေရာအတွက် ပြိုင်ဆိုင်ရပါမယ်။ ရာသီအရှည်ကြီးဖြစ်တဲ့အတွက် နေရာတိုင်းမှာ ကစားသမား(၂)ဦးလိုအပ်တယ်”လို့ ဆိုခဲ့ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် အသင်းဟောင်း ဒေါ့မွန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တာပါ။ ဒါပေမယ့် ဆန်ချိုဟာ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ ပြန်ရောက်လာချိန်မှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး အဆင်ပြေခဲ့တာကြောင့် လေ့ကျင့်မှုအစီအစဉ်တွေမှာ ပါဝင်ခွင့်ပြန်ရခဲ့သလို မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ဆန်ချိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမပြီးဆုံးခင်မှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာနိုင်တဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အသင်းကြီးအချို့က စိတ်ဝင်စားနေကြတာပါ။ အဲ့ဒါကြောင့် ဆန်ချိုအနေနဲ့ ဒီအပြောင်းအရွှေ့မှာ မန်ယူနိုက်တက်အသင်းက ထွက်ခွာသွားမလား ဒါမှမဟုတ် ဆက်ရှိမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *