ပဲလေ့စ် ဘောကောက် ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ ဆူချက်ခ်ကို ပရိသတ်တွေက သူရဲကောင်းလို့ ခေါ်ဆို

0

မနေ့က ခရစ္စတယ်ပဲလေ့စ်(ဝ-၂)ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ စိုးရိမ်စရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းကွင်းလယ်လူ ဆူချက်ခ်ဟာ အန္တရာယ်ကျရောက်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ဘောကောက်ကလေးငယ်ကို ကယ်တင်ပေးခဲ့တာကြောင့် ပရိသတ်တွေက သူ့ကို သူရဲကောင်းလို့ ဆိုရှယ်မီဒီယာပေါ်မှာ ခေါ်ဆိုခဲ့ကြပါတယ်။

ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကို ဝက်စ်ဟမ်းအသင်း ဂိုးသွင်းယူအပြီးမှာ ဆူချက်ခ်နဲ့ အသင်းဖော်တွေဟာ ဝက်စ်ဟမ်းအသင်းပရိသတ်တွေအရှေ့အောင်ပွဲခံဖို့ သွားရောက်ချိန်မှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။

ဝက်စ်ဟမ်းပရိသတ်တွေ အောင်ပွဲခံမှုကြောင့် LED ကြော်ငြာဘုတ်တွေက ကွင်းထဲကို လဲကျလာခဲ့ပြီး ဒီကြော်ငြာဘုတ်အစိတ်အပိုင်းတစ်ခုဟာ ခရစ္စတယ်ပဲလေ့စ်ဘောကောက်ကလေးငယ်အပေါ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအန္တရာယ်အခြေအနေကို မြင်တွေ့ခဲ့တဲ့ ဆူချက်ခ်ဟာ အောင်ပွဲမခံတော့ဘဲ ဘောကောက်ကလေးငယ်လွတ်မြောက်ဖို့အတွက် သူ့ရဲ့ခွန်အားကို အသုံးပြုခဲ့ပြီး အသင်းဖော်ဘိုဝင်ကလည်း ဝင်ရောက်ကူညီသွားခဲ့တာပါ။

ဆူချက်ခ်နဲ့ ဘိုဝင်တို့ဟာ ချက်ချင်းပဲ ဘောကောက်ကလေးငယ်ရဲ့အခြေအနေကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဒီအဖြစ်အပျက်ကြောင့် ဘောကောက်ကလေးငယ်ဟာ အလွန်တုန်လှုပ်နေခဲ့ပါတယ်။ ဆေးအဖွဲ့ရဲ့စစ်ဆေးမှုတွေအရ ဘောကောက်ကလေးငယ်ဟာ ပြင်းထန်တဲ့ဒဏ်ရာမရခဲ့သလို ကွင်းထဲကို ပြုတ်ကျလာခဲ့တဲ့ ပရိသတ်တွေလည်း ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ ပရိသတ်တွေကတော့ ဒီလုပ်ရပ်ကြောင့် ဆူချက်ခ်ကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပြီး သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာသူရဲကောင်းလို့ ခေါ်ဆိုခဲ့ကြပါတယ်။

ဘိုဝင်ဟာ ပွဲအပြီးမှာ ဘောကောက်ကလေးငယ်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ဂျာစီပေးခဲ့သလို ကလေးငယ်ပြုံးနေတာကို မြင်တွေ့ရတာ ကောင်းမွန်တယ်လို့ BBC Radio 5 Live နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *