ဩဂုတ် ၂၅ ရက် နေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

0

ပရီးမီးယားလိဂ်

ဘရိုက်တန် – မန်ယူနိုက်တက်
(24 August 2024/ 6:00 am)

မန်စီးတီး – အစ်ဝစ်ချ်
(24 August 2024/ 8:30 am)

ဗီလာ – အာဆင်နယ်
(24 August 2024/ 11:00 am)

ဘရိုက်တန် – မန်ယူနိုက်တက်

(ပရီးမီးယားလိဂ်)

ဘရိုက်တန်က နည်းပြပြောင်းပေမယ့် အသင်းက အသင်းကောင်းတစ်သင်းအဖြစ် ရှိနေဆဲဆိုတာကို ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ပြခဲ့သလို ပြီးခဲ့တဲ့ ပွဲစဉ်(၁)မှာ အဲဗာတန်ကို အဝေးကွင်းမှာ (၃-ဝ)ဂိုးနဲ့ အနိုင်ယူပြီးလည်း ပြခဲ့တယ်။ အသင်းမှာ အရင်ဒဏ်ရာတွေနဲ့ရုန်းကန်နေရသူတွေထဲက မီတိုမာ၊ ဂျော်အိုပက်ဒရိုတို့လို ကစားသမားတွေပြန်ကစားနိုင်တာကြောင့် အရင်ထက် အသင်းက ပိုသွက်လာတယ်။

ဆိုလီမက်ချ်၊ အီဗန်ဖာဂူဆန်၊ အက်စ်တူပီနန်တို့လို ကစားသမားကောင်းတွေသာ ပြန်ကောင်းပြီးပါလာခဲ့ရင် အသင်းက ဒီထက်ပိုကောင်းသွားမယ်။ ဒီပွဲမှာတော့ ဒီကစားသမားတွေအပြင် ဂီမောလ်၊ မင်တာတို့လည်း ပွဲစဉ်(၁)မှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ပါဖို့ သိပ်မသေချာဘူး။

မန်ယူနိုက်တက်က ရာသီကြိုကာလမှာကတည်းက ဒဏ်ရာပြဿနာတွေကို စတင်ရင်ဆိုင်ခဲ့ရပြီး ယိုရို၊ လုခ်ရှော၊ လင်ဒီလော့ဖ်၊ လာမာစီယာအစရှိတဲ့ နောက်ခံလူတွေက ဒဏ်ရာရနေသလို ဟွိုင်လန်း၊ ဆန်ချိုတို့လည်း မကစားနိုင်သေးဘူး။ မန်ယူနိုက်တက်က ဒဏ်ရာရသူတွေများနေတယ်ဆိုပေမယ့် ရှိတဲ့ကစားသမားတွေနဲ့ အသင်းရဲ့ကစားပုံက တိုးတက်လာတာမြင်နေရတယ်။ အထူးသဖြင့် တိုက်စစ်ပုံဖော်တာတွေ ကောင်းလာခဲ့ပြီး အရင်ထက် ပိုထက်မြက်လာတဲ့ တိုက်စစ်ဆင်မှုတွေကို အားရစရာတွေ့ရတယ်။

ဘရိုက်တန်နဲ့ မန်ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှုတွေကို ကြည့်ရင် မန်ယူနိုက်တက်အတွက် နည်းနည်းစိုးရိမ်စရာကောင်းတယ်။ နောက်ဆုံးပရီးမီးယားလိဂ်(၅)ပွဲမှာ မန်ယူနိုက်တက်က (၄)ပွဲအထိ ရှုံးခဲ့တယ်။ (၁)ပွဲပဲ နိုင်တယ်။ နောက်တစ်ခု ထူးခြားတာက ဒီနှစ်သင်းရဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှုအားလုံး(၁၄ ကြိမ်)မှာ သရေကျတာမရှိဘူး။ အရှုံး၊ အနိုင်အဖြေထွက်ခဲ့တယ်။

ဒီပွဲက တိုးတက်ရိပ်ပြနေတဲ့ အသင်း(၂)သင်းရဲ့ပွဲဖြစ်နေပြီး လက်ရှိမှာ ခြေစွမ်းတည်ငြိမ်တာက အိမ်ရှင်အသင်းဖြစ်တယ်။ ဒါပေမယ့် မန်ယူနိုက်တက်ကစားပုံကောင်းလာတာကိုလည်း ကြိုက်နေလို့ ပထမဆုံးဒီနှစ်သင်း (ပရီးမီးယားလိဂ်မှာ) သရေကျမယ့်ပွဲအဖြစ် ရွေးချယ်ကြည့်ချင်တယ်။

မန်စီးတီး – အစ်ဝစ်ချ်

(ပရီးမီးယားလိဂ်)

မန်စီးတီးက ပထမဆုံးပွဲမှာ ချယ်လ်ဆီးအသင်းကို အဝေးကွင်းမှာ (၂-ဝ)ဂိုးနဲ့ သာသာယာယာအနိုင်ယူပြီး အဖွင့်လှထားတယ်။ ချန်ပီယံ(၄)ကြိမ်ဆက် မန်စီးတီးအနေနဲ့ နောက်ထပ်(၅)ကြိမ်ဆက်ချန်ပီယံဆုအတွက် စိုင်းပြင်းနေသလို၊ အသင်းခေါင်းဆောင်ဟောင်း ဂွန်ဒိုဂန်ပြန်ရောက်လာတာကလည်း အသင်းအတွက် အားတစ်ခုဖြစ်စေတယ်။

တန်းတက်အစ်ဝစ်ချ်အသင်းရဲ့ တစ်ကျော့ပြန်ပရီးမီးယားလိဂ်ခရီးက ရက်စက်ခြင်းတွေနဲ့ စောင့်ကြိုနေတယ်။ ပွဲဦးထွက်မှာ အသင်းကြီး လီဗာပူးလ်နဲ့ ကစားခဲ့ရပြီး အခုပွဲမှာ ချန်ပီယံမန်စီးတီးနဲ့ ဆက်တိုက်တွေ့ရတယ်။ လီဗာပူးလ်အသင်းကို ပထမပိုင်းမှာ ဂိုးမပေးရအောင် ထိန်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ (၅)မိနစ်အတွင်း (၂)ဂိုးပေးခဲ့ရပြီး ရှုံးခဲ့ရတယ်။ ဒီပွဲမှာ အစ်ဝစ်ချ်အသင်းအနေနဲ့ လီဗာပူးလ်ဂိုးပေါက်ကို (၂)ကြိမ်လောက်ပဲ ခြိမ်းခြောက်နိုင်ခဲ့တယ်။

အသင်းမှာ မန်စီးတီးအသင်းကနေ အငှားခေါ်ထားတဲ့ ကယ်လ်ဗင်ဖီးလစ်အပြင် အဓိက ကစားသမား(၆)ယောက်လောက် ဒဏ်ရာရနေတာက အသင်းကို အခြေအနေဆိုးစေတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ အဆင့်(၂)သာရခဲ့ပေမယ့် တကယ်တမ်းအသင်းက ရာသီနှောင်းပိုင်းတွေမှာ ခြေစွမ်းလည်းကျ၊ ရလဒ်တွေလည်း မတည်မငြိမ်ဖြစ်ခဲ့တယ်။

မန်စီးတီးအသင်းက အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း ရှုံးပွဲမရှိတော့ဘဲ လက်ရှိပရီးမီးယားလိဂ်အသင်းတွေထဲမှာ အိမ်ကွင်းအမာဆုံးအသင်းဖြစ်တယ်။ အစ်ဝစ်ချ်အတွက် အခွင့်အရေးနည်းနည်းတောင်ရဖို့ မလွယ်ပါဘူး။ မန်စီးတီး ညှာညှာတာတာကစားရင်တောင် (၃)ဂိုးလောက်ပြတ်နိုင်ပါတယ်။

ဗီလာ – အာဆင်နယ်

(ပရီးမီးယားလိဂ်)

ရာသီအဖွင့်မှာ ဗီလာက ဝက်စ်ဟမ်းအသင်းကို လန်ဒန်အိုလံပစ်ကွင်းမှာ (၂-၁)နဲ့ အနိုင်ယူခဲ့ပြီး ရမှတ်(၃)မှတ်ပြည့်နဲ့ ရာသီသစ်ကို စထားတယ်။ ဒီရာသီ ဗီလာပြင်ဆင်မှုက အားရစရာကောင်းပြီး ကစားသမားသစ် အိုနာနာက အသင်းသစ်မှာ (၄)မိနစ်နဲ့ ပရီးမီးယားလိဂ်ဂိုးရယူပေးခဲ့တယ်။

အဓိကကွင်းလယ်လူ ဒေါက်ကလပ်စ်လူးဝစ်ကို ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် ထပ်မံခေါ်ယူထားတဲ့ လူသစ်တွေနဲ့ အသင်းမှာ ရှိနေတဲ့ လူဟောင်းတွေက ဗီလာကို ပိုတောင့်တင်းတဲ့အသင်းတစ်သင်းအဖြစ် မြင်တွေ့ရစေမှာဖြစ်တယ်။

အာဆင်နယ်ကလည်း ပွဲဦးမှာ ဝုလ်ဗ်စ်ကို အနိုင်ကစားပြီး ရာသီသစ်ကို အရှိန်အဟုန်နဲ့ ချီတက်ဖို့ ပြင်ဆင်ထားတယ်။ အသင်းမှာ ပါတေး၊ တင်ဘာတို့လို ကစားသမားတွေ ပြန်လာတော့ ရှိနေတဲ့ကစားသမားတွေနဲ့တင် အသင်းကတောင့်တင်းနေပြီး ကစားသမားသစ်အဖြစ် ကာလာဖီအိုရီတစ်ယောက်သာခေါ်ထားတယ်။

ဒီပွဲမှာ ဗီလာဘက်က ကာမာရာ၊ တိုင်ရုန်းမင်းစ်တို့ မပါနိဒုက္ခပေးတတ်တင်နယ်မှာလည်း တိုမီယာဆု၊ တီယာနေးတို့လွဲမယ်။

အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကိုင်တွယ်နေတဲ့ ဗီလာက အာဆင်နယ်ကို အကြိမ်ကြိမ် ဒုက္ခပေးတတ်တာကိုတော့ သတိထားရမယ်။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ကို ဗီလာက အိမ်ကွင်း/အဝေးကွင်း (၂)ပွဲစလုံး Clean Sheet တွေနဲ့ အနိုင်ယူခဲ့တယ်။ ဗီလာကွင်းမှာ လာကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၅)ပွဲမှာလည်း အာဆင်နယ်က (၃)ပွဲရှုံးခဲ့ဖူးပြီး ဂိုးမရခဲ့ဘူး။

ဒါကြောင့် ဒီပွဲလည်း အာဆင်နယ်အထိုက်အလျောက်ရုန်းကန်ရမယ်။ နိုင်ပွဲရဖို့ အခွင့်အလမ်းနည်းတယ်။ ဒီပွဲလည်း (၁-၁)(၂-၂)လို သရေရလဒ်ကိုပဲ ကြိုက်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *