ဗီလာ-အာဆင်နယ်ပွဲက ရေယာရဲ့ကာကွယ်မှုကို မှော်ဝင်တဲ့ အခိုက်အတန့်လို့ အာတီတာ ချီးကျူး

0

မနေ့က အက်စတွန်ဗီလာ(ဝ-၂)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းရဲ့သွင်းဂိုးကို ခွင့်မပြုရအောင် ကာကွယ်သွားနိုင်ခဲ့တဲ့ စပိန်ဂိုးသမား ဒေးဗစ်ရေယာရဲ့ကာကွယ်မှုကို ပွဲရဲ့မှော်ဝင်တဲ့အခိုက်အတန့်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ချီးကျူးသွားခဲ့ပါတယ်။

ဂိုးမရှိသရေကျနေတဲ့ ပွဲချိန်အတွင်းမှာ အက်စတွန်ဗီလာအသင်းကွင်းလယ်လူ အိုနာနာရဲ့ကန်ချက်ဟာ ဂိုးဘားတန်းထိပြီး ပြန်ထွက်လာတာကို တိုက်စစ်မှူး ဝက်ကင်စ်က ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ဒေးဗစ်ရေယာဟာ လဲကျနေတာကနေ ချက်ချင်းပြန်ထပြီး ဘောလုံးကို ပုတ်ထုတ်ကာကွယ်သွားခဲ့တာပါ။

ဝက်ကင်စ်ရဲ့ခေါင်းတိုက်ချက်သာ ဂိုးဝင်သွားခဲ့ရင် ပွဲရလဒ်ဟာ ပြောင်းလဲသွားနိုင်ပေမယ့် ဒေးဗစ်ရေယာဟာ ကာကွယ်နိုင်ခဲ့ပြီး ဒါကအာဆင်နယ်အသင်းနိုင်ပွဲမှာ အဓိကကျခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အာဆင်နယ်အသင်းပရိသတ်တွေဟာ ဒေးဗစ်ရေယာကို ချီးကျူးခဲ့သလို နည်းပြ အာတီတာကလည်း ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဒေးဗစ်ရေယာကို ချီးကျူးမှုတွေပြုလုပ်ခဲ့တာပါ။ ဒေးဗစ်ရေယာဟာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖိုဒ့်အသင်းကနေ အငှားနဲ့ လာရောက်ကစားခဲ့ပြီး လက်စွမ်းပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းက သူ့ကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အာတီတာက “သူတို့ရဲ့ကြီးမားတဲ့ အခွင့်အရေးကို ဒေးဗစ်ရေယာဟာ မယုံနိုင်လောက်အောင် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါက ပွဲရဲ့မှော်ဝင်တဲ့အခိုက်အတန့်ပါ။ ကျွန်တော်က ဂိုးဝင်သွားခဲ့ပြီလို့တောင်ထင်ခဲ့တာပါ။ ပုံမှန်ဆိုရင် သူတို့ဟာ ဂိုးသွင်းနိုင်ပေမယ့် ဒေးဗစ်ရဲ့တုံ့ပြန်မှုကတော့ မယုံနိုင်စရာပါပဲ”လို့ ဆိုခဲ့တာပါ။

ဒေးဗစ်ရေယာကတော့ ဒါဟာ တုံ့ပြန်မှုတွေထဲက တစ်ခုသာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးကာကွယ်မှုလို့ မထင်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဒေးဗစ်ရေယာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ရွှေလက်အိတ်ဆုကို ရယူနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ်(၂)ပွဲကစားအပြီးမှာ (၂)ပွဲစလုံးပေးဂိုးမပေးရအောင် လက်စွမ်းပြသထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *