ဘရိုက်တန်နဲ့ပွဲက ရပ်ရှ်ဖိုဒ့်ရဲ့နေရာယူမှုနဲ့ ရွေ့လျားမှုတွေကို အလန်ရှီးယား ဝေဖန်

0

မနေ့က ဘရိုက်တန်(၂-၁)မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ရဲ့ညံ့ဖျင်းတဲ့ နေရာယူမှုနဲ့ ရွေ့လျားမှုတွေကို ပရီးမီးယားလိဂ်ဂန္ထဝင် အလန်ရှီးယားက ဝေဖန်ခဲ့ပါတယ်။

ရပ်ရှ်ဖိုဒ့်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက်(၆၅)မိနစ်ကြာပါဝင်ကစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု(၁)ကြိမ်မှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာပါ။

ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာလည်း မိနစ်(၉၀)အပြည့်ပါဝင်ကစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်မှပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ The Sun က ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းကို နည်းပြအဖွဲ့ဝင်အဖြစ် ကလပ်ရဲ့ဂန္ထဝင် နစ္စတယ်ရွိုင်းရောက်ရှိလာပြီးကတည်းက လေ့ကျင့်ခန်းအပိုအစီအစဉ်တွေကို ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားတာပါ။ နစ္စတယ်ရွိုင်းဟာ ရပ်ရှ်ဖိုဒ့်ကို ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးကောင်းမွန်အောင် အာရုံစိုက်ပြီးလေ့ကျင့်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖိုဒ့်ဟာ တိုးတက်မှုမရှိတာကြောင့် BBC Match of the Day မှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ အလန်ရှီးယားက ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

အလန်ရှီးယားက “ရပ်ရှ်ဖိုဒ့်က ငယ်ရွယ်တဲ့သူမဟုတ်တော့ပါဘူး။ သူ့ရဲ့နေရာအနေအထားကို သူနားလည်ရမှာပါ။ ကွင်းတစ်ကွင်းလုံးကို မြင်နိုင်တဲ့အချိန်မှာ ကွင်းထဲကိုကြည့်နေရမှာဖြစ်ပြီး သူ့အနေနဲ့ လူကျွံဘောမဖြစ်သင့်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အကယ်ဒမီထွက် ရပ်ရှ်ဖိုဒ့်ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း(၂၇၄)ပွဲကစားထားခဲ့ရာမှာ (၈၃)ဂိုးသွင်းယူထားပေမယ့် မနှစ်ကရာသီက ပရီးမီးယားလိဂ်(၃၃)ပွဲမှာ (၇)ဂိုးသာသွင်းယူနိုင်ခဲ့တာပါ။ ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီကခြေစွမ်းမပြသနိုင်ခဲ့တဲ့အပြင် ကွင်းပြင်ပကိစ္စရပ်တွေကြောင့် ဝေဖန်မှုတွေအများကြီးခံခဲ့ရပြီး ဒီရာသီမှာလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *