ဗယ်လက်ကာနိုနဲ့ပွဲမှာ ဘာစီလိုနာကစားသမားဘ၀ ပွဲဦးထွက်အဖြစ် အော်လ်မို ပါဝင်ခွင့်ရဖွယ်ရှိ

0

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်အသင်းကနေ ယူရို(၅၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စပိန်ကွင်းလယ်လူ အော်လ်မိုဟာ ဗယ်လက်ကာနိုအသင်းနဲ့လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။

အော်လ်မိုဟာ ဘာစီလိုနာအသင်းက သူ့ကို ယာယီစာရင်းသွင်းမှတ်ပုံတင်တာကို လာလီဂါက ခွင့်ပြုပေးခဲ့တာကြောင့် ဗယ်လက်ကာနိုအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ခွင့်ရဖွယ်ရှိနေတာပါ။

အော်လ်မိုဟာ ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် လာလီဂါမှာ စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်းမရှိလို့ ပြီးခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၂)ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အစောပိုင်းက သတင်းတွေမှာ အော်လ်မိုဟာ ဗယ်လက်ကာနိုအသင်းနဲ့ပွဲစဉ်ကိုလည်း ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဖော်ပြထားပေမယ့် ဘာစီလိုနာအသင်းဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူရမယ့် နောက်ခံလူ ခရစ်တန်ဆန်ရဲ့နေရာမှာ သူ့ကို အစားထိုးပြီး စာရင်းသွင်းမှတ်ပုံတင်ခဲ့တာပါ။

ခရစ်တန်ဆန်ဟာ ဒဏ်ရာကြောင့်(၄)လကြာအနားယူရဖွယ်ရှိတဲ့ ဆေးမှတ်တမ်းအချက်အလက်တွေကို ဘာစီလိုနာအသင်းဟာ လာလီဂါထံ ပေးပို့ထားတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ အော်လ်မိုကို ဗယ်လက်ကာနိုအသင်းနဲ့ပွဲစဉ်မှာ အသုံးပြုနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ အော်လ်မိုကို စာရင်းသွင်းမှတ်ပုံတင်နိုင်ဖို့အတွက် ဂွန်ဒိုဂန်၊ ရိုကေး၊ ဖာယီနဲ့ ကလီးမန့်တို့ကို ထွက်ခွာခွင့်ပေးခဲ့ပေမယ့် လုံလောက်မှုမရှိခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အကယ်ဒမီထွက် အော်လ်မိုကို ဒီဇင်ဘာ(၃၁)ရက်အထိသာ ယာယီစာရင်းသွင်းမှတ်ပုံတင်နိုင်မယ်လို့လည်း သိရတာပါ။ ဘာစီလိုနာအသင်းဟာ ကစားသမားအသစ်တွေကို စာရင်းသွင်းမှတ်ပုံတင်ဖို့ အခက်အခဲဖြစ်တာဟာ ဒါကပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကလည်း ဒဏ်ရာရကစားသမားတွေရဲ့နေရာမှာ ကစားသမားသစ်တွေကို ယာယီစာရင်းသွင်းမှတ်ပုံတင်တာကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *