လူမျိုးရေးခွဲခြားခံရမှုတွေ ထပ်မံကြုံတွေ့ရရင် ရီးရဲလ်ကစားသမားတွေ ကွင်းထဲကထွက်ခွာမယ်လို့ ဗင်နီစီယပ်စ်ဆို

0

ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်က ဒီရာသီမှာ လူမျိုးရေးခွဲခြားမှုတွေထပ်မံကြုံတွေ့ရရင် သူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဟာ ကွင်းထဲကနေ ထွက်ခွာမယ်လို့ ဆိုခဲ့ပါတယ်။

ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လာလီဂါပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားမှုကို အကြိမ်ပေါင်းများစွာခံခဲ့ရတဲ့သူပါ။

ဗင်နီစီယပ်စ်ဟာ အခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုတစ်ခုမှာ သူဟာ လူမျိုးရေးခွဲခြားမှုအများအပြားနဲ့ ကြုံတွေ့နေရတာကြောင့် ဘောလုံးကစားရတာကို နှစ်သက်မှုဟာ နည်းပါလာတယ်လို့ ခံစားရကြောင်း ငိုကြွေးပြီးပြောခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာလည်း ဗင်နီစီယပ်စ်က ရီးရဲလ်မက်ဒရစ်အသင်းသားတွေဟာ ဒီလိုဖြစ်ရပ်ကြောင့် ကွင်းထဲက ထွက်ခွာဖို့လိုအပ်လာရင် ထွက်ခွာမယ်လို့ CNN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။

ဗင်နီစီယပ်စ်က “ဒီလိုဖြစ်ရပ်တွေထပ်ကြုံတွေ့လာခဲ့ရင် ကျွန်တော်တို့ကွင်းထဲက ထွက်ခွာဖို့လိုပါတယ်။ ဒါမှလည်း အဖြစ်အပျက်တွေကို တတ်နိုင်သမျှ အမြန်ဆုံးပြောင်းလဲနိုင်မှာပါ။ ကလပ်ထဲမှာဆိုရင် ကျွန်တော်တို့ ဒီအကြောင်းကို မကြာခဏပြောကြပါတယ်။ လူမျိုးရေးခွဲခြားမှုတွေကို ဖြည်းဖြည်းချင်းလျှော့ချသွားရမယ်”လို့ ဆိုခဲ့ပါတယ်။

ဗလင်စီယာအသင်းပရိသတ်(၃)ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၃ မေ(၂၁)ရက်က ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားစော်ကားခဲ့တာကြောင့် မကြာသေးခင်က ထောင်ဒဏ်(၈)လချမှတ်ခြင်း ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *