ဒဏ်ရာကြောင့် မေဆန်မောင့် ပွဲစဉ်အနည်းငယ်လွဲချော်မယ်လို့ မန်ယူနိုက်တက် အတည်ပြု

0

အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ကလပ်အသင်းရဲ့ပွဲစဉ်အနည်းငယ်ကို လွဲချော်မယ်လို့ မန်ယူနိုက်တက်အသင်းက အတည်ပြုခဲ့ပါတယ်။ မေဆန်မောင့်ဟာ မန်ယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာခံစားခဲ့ရတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာပါ။

မေဆန်မောင့်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ဒဏ်ရာတွေကြောင့် မန်ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း(၂၀)သာ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ နည်းပြ အဲရစ်တန်ဟတ်က သူ့ကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲစလုံး မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာပါ။

ဒါပေမယ့် မေဆန်မောင့်ဟာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာထပ်ရပြီး အနားယူရတော့မှာ ဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ဒဏ်ရာကြောင့် စက်တင်ဘာလနိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာလည်း မန်ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းထားကြပါတယ်။ မေဆန်မောင့်ကတော့ ဒဏ်ရာကြောင့် အလွန်စိတ်ပျက်မိပြီး ဒဏ်ရာကနေ အမြန်ဆုံးပြန်ကောင်းဖို့အတွက် အရာအားလုံးကို လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

မေဆန်မောင့်ရဲ့ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ဇက်ခ်ဇီဟာ မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်တာပါ။ ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲစလုံး လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပြီး ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *