ဗယ်လက်ကာနို-ဘာစီလိုနာပွဲက မာခ့်ဘာနယ်ရဲ့ဒူးအရွတ်ဒဏ်ရာ အခြေအနေအပေါ် ဘာစီလိုနာ စိုးရိမ်

0

မနေ့က ဗယ်လက်ကာနို(၁-၂)ဘာစီလိုနာ စပိန်လာလီဂါပွဲစဉ်မှာ ဒူးအရွတ်(ACL)ဒဏ်ရာရရှိခဲ့တဲ့ အသက်(၁၇)နှစ်အရွယ်ရှိ ကွင်းလယ်လူ မာခ့်ဘာနယ်ရဲ့အခြေအနေအပေါ် ဘာစီလိုနာအသင်း စိုးရိမ်မှုတွေရှိနေပါတယ်။ မာခ့်ဘာနယ်ဟာ ဒီဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရနိုင်တယ်လို့ ESPN က ဖော်ပြထားတာပါ။

မာခ့်ဘာနယ်ဟာ ဒီပွဲစဉ်ရဲ့နောက်ဆုံးမိနစ်မှာ ဒဏ်ရာခံစားခဲ့ရတာဖြစ်ပါတယ်။ မာခ့်ဘာနယ်ရဲ့ဒဏ်ရာအခြေအနေကို ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်မှုခံယူရမှာဖြစ်ပြီး ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အဆိုးရွားဆုံးဖြစ်မှာကို ကြောက်ရွံ့မိတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဟန်ဆီဖလစ်က “မာခ့်ဘာနယ်ရဲ့ဒဏ်ရာကြောင့် ဝမ်းနည်းစရာကောင်းတဲ့ နိုင်ပွဲဖြစ်ခဲ့ပြီး သူ့ရဲ့အခြေအနေကို စောင့်ကြည့်ရမှာပါ။ ပွဲနိုင်ခဲ့ပေမယ့် အဝတ်လဲခန်းထဲမှာ ဘယ်သူမှမပျော်ရွှင်ကြပါဘူး”လို့ ဆိုခဲ့တာပါ။

မာခ့်ဘာနယ်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် နည်းပြဟန်ဆီဖစ်ဟာ ဗလင်စီယာအသင်းနဲ့ စပိန်လာလီဂါအဖွင့်ပွဲစဉ်မှာ သူ့ကို ဘာစီလိုနာအသင်းပွဲဦးထွက်အဖြစ် အသုံးပြုခဲ့ပါတယ်။ မာခ့်ဘာနယ်ဟာ ဘာစီလိုနာအသင်းရဲ့စပိန်လာလီဂါ(၃)ပွဲစလုံး ပွဲထွက်ခွင့်ရခဲ့ပြီး ဘာစီလိုနာအသင်းဟာ (၃)ပွဲစလုံးနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *