ဖရန်ကီဒီယွန်းရဲ့ဒဏ်ရာအခြေအနေပေါ် စိတ်ပျက်ပြီး ဘာစီလိုနာ ရာဇသံပို့ထားကြောင်း သတင်းထွက်ပေါ်

0

ဘာစီလိုနာအသင်းဟာ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းရဲ့ဒဏ်ရာအခြေအနေအပေါ် စိတ်ပျက်ပြီး သူ့ကိုရာဇသံပို့ကာ နောက်ဆုံးရက်သတ်မှတ်ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိ ဖရန်ကီဒီယွန်းဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ Clasico ပွဲမှာ ညာဘက်ခြေချင်းဝတ်ဒဏ်ရာရရှိပြီးနောက် ဧပြီကတည်းက ပွဲကစားနိုင်ခြင်းမရှိခဲ့တာပါ။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ ဖရန်ကီဒီယွန်းကို ဒီရာသီအစပွဲစဉ်တွေမှာ ပါဝင်နိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် သူကတော့ (၄)ပွဲစလုံးပါဝင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဖရန်ကီဒီယွန်းဟာ ခြေချင်းဝတ်နာကျင်နေသေးတာကြောင့် ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာလို့ သိရတာပါ။ Mundo Deportivo က ဖရန်ကီဒီယွန်းအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ (၁၅)ရက်ပဲ ကျန်ရှိတော့တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဖရန်ကီဒီယွန်းအနေနဲ့ သူ့ရဲ့ခြေချင်းဝတ်ကို ခွဲစိတ်ကုသမလား ဒါမှမဟုတ် နာကျင်နေရက်နဲ့ ကွင်းထဲကို ပြန်ဝင်ပြီးကစားမလားဆိုတာ ရွေးချယ်ရဖို့ ရှိနေတာပါ။ အိုင်းယက်စ်အသင်းကနေ ၂၀၁၉ က ပြောင်းရွှေ့လာခဲ့တဲ့ ဖရန်ကီဒီယွန်းဟာ ဘာစီလိုနာအသင်းအတွက် (၂၁၃)ပွဲကစားပြီး (၁၇)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖရန်ကီဒီယွန်းဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက လာလီဂါပွဲ(၂၀)သာ ပါဝင်ကစားနိုင်ခဲ့တာပါ။

ဖရန်ကီဒီယွန်းနဲ့ ဘာစီလိုနာအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ဇွန်ကျရင်ကုန်ဆုံးမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းက ကြီးမားတဲ့ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *