ဆန်ချိုကို အငှားခေါ်ယူဖို့ မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိ

0

ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူဖို့အတွက် နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မှာ မန်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အငှားစာချုပ်ကုန်ဆုံးမယ့် လာမယ့်နွေရာသီမှာ ဆန်ချိုကို ပေါင်(၂၃)သန်းဝန်းကျင်နဲ့ မဖြစ်မနေဝယ်ယူဖို့လည်း မန်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာပါ။

ဆန်ချိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေခဲ့တာဖြစ်ပြီး ဒါကို အပြောင်းအရွှေ့နောက်ဆုံးနေ့မှ အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ ဒီအပြောင်းအရွှေ့မှာ အသင်းဟောင်းဒေါ့မွန်၊PSG၊ဂျူဗင်တပ်စ်အသင်းတို့နဲ့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့တာပါ။

ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အဲရစ်တန်ဟတ်နဲ့ လူသိရှင်ကြားအဆင်မပြေမှုတွေကြောင့် ဇန်နဝါရီမှာ ဒေါ့မွန်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဆန်ချိုဟာ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ ကာရင်တန်ကို ပြန်ရောက်လာချိန်မှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး အဆင်ပြေခဲ့တဲ့အတွက် မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်မှုတွေကို ပူးပေါင်းခဲ့တာပါ။

ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ခဲ့သလို မန်စီးတီးအသင်းကို ပယ်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်တွေမှာလည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၂)ပွဲစလုံးမှာတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

၂၀၂၁ နွေရာသီက ဒေါ့မွန်အသင်းကနေ ပေါင်(၇၃)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် (၈၃)ပွဲပါဝင်ကစားပြီး (၁၂)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *