အာဆင်နယ်နဲ့ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ်မှာ ပခုံးရိုးကျိုးခဲ့တဲ့ မယ်ရီနို(၂)လခန့် အနားယူရဖွယ်ရှိ

0

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်လူ မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ပခုံးရိုးကျိုးသွားခဲ့တာကြောင့် (၂)လနီးပါးကြာ အနားယူရဖွယ်ရှိနေပါတယ်။

မယ်ရီနိုဟာ အာဆင်နယ်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဘရာဇီးလ်နောက်ခံလူ ဂေဘရီရယ်လ်နဲ့ တိုက်မိပြီး ပခုံးရိုးကျိုးသွားခဲ့တဲ့အတွက် အနားယူရမယ်လို့ နည်းပြအာတီတာက အတည်ပြုထားတာပါ။

သတင်းတွေအရ မယ်ရီနိုဟာ အောက်တိုဘာလလယ်အထိ ပြန်လာနိုင်ဖွယ်မရှိဘူးလို့ဖော်ပြထားတာကြောင့် အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် မယ်ရီနိုအနေနဲ့ အောက်တိုဘာလနိုင်ငံတကာပွဲစဉ်တွေအပြီးမှသာ အာဆင်နယ်အသင်းအတွက် သူ့ရဲ့ပွဲဦးထွက်အဖြစ် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။ အာဆင်နယ်အသင်းဟာ အောက်တိုဘာ(၁၉)ရက်မှာ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မယ်ရီနို(၂)လနီးပါးအနားယူမှာက စက်တင်ဘာ(၁၅)ရက်မှာ ကစားရမယ့် စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် နည်းပြ အာတီတာအတွက် ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့အဓိက ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်အနီကတ်ထိခဲ့တာကြောင့် စပါးအသင်းနဲ့ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာပါ။ မယ်ရီနိုရော ဒက်ကလန်ရိုက်စ်ရော စပါးအသင်းနဲ့ပွဲကို မပါဝင်နိုင်မှာဖြစ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ကွင်းလယ်အတွက် အခြားရွေးချယ်စရာတွေကို ရှာဖွေနေပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ပံကစားသမား ထရော့ဆာ့ဒ်ကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းက ပေါင်(၂၉.၅)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်တာကို ပယ်ချထားခဲ့တာပါ။ အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့က ချယ်လ်ဆီးအသင်းတောင်ပံကစားသမား စတာလင်ကို အငှားနဲ့ခေါ်ယူခဲ့ပေမယ့် နည်းပြ အာတီတာဟာ တိုက်စစ်ကစားသမားတွေကို အဆုံးရှုံးမခံချင်တာကြောင့် ထရော့ဆာ့ဒ်အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *