ချယ်လ်ဆီးအသင်းကို တစ်ရာသီသာ ကိုင်တွယ်ခဲ့ပြီး လမ်းခွဲထွက်ခွာခဲ့တဲ့ ပိုချက်တီနို

0

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို တစ်ရာသီကြာကိုင်တွယ်အပြီးမှာ အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းပူးတွဲပိုင်ရှင် အက်ဂ်ဘာလီ၊ အားကစားဒါရိုက်တာတွေဖြစ်ကြတဲ့ ဝင်စတန်လေ၊ စတီးဝပ်တို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်အပြီးမှာ ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဇူလိုင်က ချယ်လ်ဆီးအသင်းကို (၂)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ပိုချက်တီနိုဟာ ပထမရာသီဝက်အတွင်း ချယ်လ်ဆီးအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ဖိအားဒဏ်တွေအများအပြားခံစားခဲ့ရပါတယ်။

ဒါပေမယ့် ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို ဒီရာသီပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲစလုံးအနိုင်ရအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီး အဆင့်(၆)နေရာနဲ့ ရာသီကိုအဆုံးသတ်ကာ ဥရောပဝင်ခွင့်ရရှိစေခဲ့ပါတယ်။ ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို လိဂ်ဖလားဗိုလ်လုပွဲနဲ့ FA ဖလားဆီမီးဖိုင်နယ်ကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပိုချက်တီနိုက “ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေးပေးခဲ့တဲ့ အသင်းပိုင်ရှင်အစုအဖွဲ့နဲ့ အားကစားဒါရိုက်တာတွေကို ကျေးဇူးတင်ပါတယ်။ အသင်းဟာ လာမယ့်နှစ်တွေမှာ ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲကို ရှေ့ဆက်သွားနိုင်ဖို့ ကောင်းမွန်တဲ့အနေအထားကို ရောက်နေပါပြီ”လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ငယ်ရွယ်တဲ့ နည်းပြတွေကို ပစ်မှတ်ထားနေပြီး ဘရိုက်တန်အသင်းနည်းပြဟောင်း ဒီဇာဘီ၊ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်နဲ့ အစ်ဝစ်ချ်အသင်းနည်းပြ မက်ကန်နာတို့ထဲက တစ်ဦးကို နည်းပြသစ်အဖြစ်ခန့်အပ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *