ဒီယေဂိုအမန်ဒါမာရာဒိုနာကွင်းနားမှာ သေနတ်ထောက်လုယက်ခံခဲ့ရတဲ့ နီရက်စ်

0

စီးရီးအေကလပ်နာပိုလီအသင်းရဲ့ဘရာဇီးလ်တောင်ပံကစားသမားဒေးဗစ်နီရက်စ်ဟာ ပြီးခဲ့တဲ့ နာပိုလီ(၂-၁)ပါးမားပွဲအပြီး နေအိမ်ကို ပြန်ရာမှာ ပွဲကစားရာ ဒီယေဂိုအာမန်ဒါမာရာဒိုနာကွင်းအနား သေနတ်သမား(၂)ဦးရဲ့ သေနတ်နဲ့ ခြိမ်းခြောက်လုယက်ခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။

နီရက်စ်ဟာ ပြီးခဲ့တဲ့ (၁၀)ရက်လောက်ကမှ ဘင်ဖီကာအသင်းကနေ စီးရီးအေကလပ်နာပိုလီအသင်းကို ပြောင်းရွှေ့ကြေးပေါင် (၂၃.၅)သန်းနဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး နာပိုလီ(၂-၁)ပါးမားပွဲမှာ နာပိုလီအသင်းအတွက် ကင်မရွန်းကွင်းလယ်လူအဂွီဆာ ပွဲချိန်(၉၀+၆)မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကို ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

ဒီပွဲမှာ နာပိုလီအသင်းအတွက် တိုက်စစ်မှူးလူကာကူက ပွဲချိန်(၉၀+၂)မိနစ်မှ ချေပဂိုးသွင်းယူပေးခဲ့ပြီး မိနစ်(၉၀)မှာ (ဝ-၁)ဂိုးနဲ့ အရေးနိမ့်နေတဲ့ နာပိုလီအသင်းဟာ ကျောက်ခဲရေပေါ်ဖြစ်ပြီး ပွဲအပြီးမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပွဲအပြီး နီရက်စ်နဲ့ ဇနီးဖြစ်သူဝီနိုနာတို့ဟာ ပွဲကစားရာ ဒီယေဂိုအာမန်ဒါမာရာဒိုနာကွင်းကနေ ကားနဲ့ ထွက်ခွာလာရာမှာ ကွင်းအနီး မော်တော်ဆိုင်ကယ်နဲ့ အသင့်စောင့်ဆိုင်းနေတဲ့ သေနတ်သမား(၂)ဦးက သူတို့ကို တိုက်ခိုက်ခဲ့ပါတယ်။

သူတို့က နီရက်စ်တို့လိုက်ပါလာတဲ့ကားမှန်ပြူတင်းပေါက်ကို ခွဲခဲ့ကြပြီး သူတို့ဇနီးမောင်နှံမှာ ပါလာတဲ့ပစ္စည်းတွေကို သေနတ်ပြ ခြိမ်းခြောက်ယူဆောင်သွားခဲ့တာပါ။ ဒီသေနတ်သမားတွေက သူတို့လိုချင်တဲ့ပစ္စည်းတွေရခဲ့ပြီးနောက် နီရက်စ်တို့ကို ထိခိုက်အောင် ပြုလုပ်ခဲ့ခြင်းမရှိတာကြောင့် သူတို့ဇနီးမောင်နှံအနေနဲ့ ဒဏ်ရာတစ်စုံတစ်ရာမရရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် တာဝန်ရှိသူတွေက သူတို့ ဇနီးမောင်နှံကို နေပယ်မြို့ထဲက တည်းခိုရာဟိုတယ်ကို ပြန်ပို့ပေးခဲ့ကြောင်း သိရပါတယ်။ သေနတ်သမားတွေဆီ ပါသွားတဲ့ပစ္စည်းတွေထဲမှာ နီရက်စ်ရဲ့အဖိုးတန်နာရီတစ်လုံးပါဝင်သွားကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်အတွက် အီတလီရဲတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သေနတ်သမား(၂)ဦးကိ ဖမ်းဆီးမိခြင်းမရှိသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *