အထင်နဲ့ အမြင်လွဲနေတဲ့ ပြိုင်မြင်းနှစ်ကောင်ရဲ့လာလီဂါ

0

ပြီးခဲ့တဲ့ရာသီအောင်မြင်မှုနဲ့ နွေရာသီမှာ ပြင်သစ်တိုက်စစ်မှူးဘာပေရောက်ရှိလာမှုတွေကြောင့် ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး နံပါတ်တစ် ဖေးဘရိတ်ဖြစ်နေတာ မဆန်းဘူးလို့ ဆိုရမှာပါ။

ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် ဒီနွေရာသီမှာ အလိုရှိတဲ့ကစားသမားတွေကို ငွေကြေးများစွာသုံးစွဲပြီး မခေါ်နိုင်တဲ့အခြေအနေကို ကြုံတွေ့ခဲ့ရသလို၊ အော်လ်မိုတို့လို ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ဖို့အတွက် ရှိပြီးသားကစားသမားတချို့ ရောင်းထုတ်နေရတဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာရဲ့ဗိုလ်စွဲဖို့ အလေးပေးချက်က (ပထမနဲ့ ဒုတိယ ဖြစ်နေတဲ့တိုင်)အလွန်ကို ကွာခြားခဲ့ပါတယ်။
ဘွတ်ကီဒိုင်အများစုက ရီးရဲလ်မက်ဒရစ်ကို (၄း၇)လေးပေးထားပြီး ဘာစီလိုနာအသင်းကိုတော့ (ရး၂)လေးသာ သတ်မှတ်ထားတာဖြစ်လို့ ဒီနှစ်သင်းကြား ချန်ပီယံဖြစ်နိုင်ခြေက (၈.၁၂)ဆလောက် ကွာဟနေတာပါ။

တကယ်တမ်း ရာသီသစ်စတင်ချိန်မှာတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက မာယော့ကာ၊ လက်စ်ပါမားတို့နဲ့ပွဲတွေမှာ ရမှတ်လျော့ခဲ့ပြီး (၄)ပွဲကစား (၈)မှတ်သာရထားပါတယ်။

ဘာစီလိုနာအသင်းက ကွင်းပြင်ပမှာ ပြဿနာတချို့ရှိနေပေမယ့် ကွင်းထဲမှာတော့ ခြေစွမ်းပြနေပြီး လာလီဂါအဖွင့်(၄)ပွဲစလုံးကို နိုင်ပွဲရယူထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဗယ်လာဒိုလစ်နဲ့ပွဲမှာ(၇-ဝ)ဂိုးရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ရှေ့ပွဲတွေမှာတော့ ဗလင်စီယာ၊ ဘီလ်ဘာအို၊ ဗယ်လက်ကာနိုတို့ကို (၂-၁)ဂိုးရလဒ်တွေနဲ့ အနိုင်ယူခဲ့တာပါ။

ယာမားလ်၊ ဖာမင်လိုပက်ဇ်တို့လို အရည်အသွေးမြင့်လူငယ်တွေကို ပိုင်ဆိုင်ထားပြီး လီဝန်ဒေါစကီး၊ ရာဖင်ညာတို့လို ဝါရင့်ကစားသမားတွေ ငယ်မူငယ်သွေးပြန်ပြနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဂျာမန်လူမျိုးနည်းပြဟန်ဆီဖလစ်နဲ့ အတူ တစ်ကျော့ပြန် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလား … အချိန်တန်ရင် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ပြန်ကျော်တက်ပြီး နံပါတ်တစ်နေရာကို ပြန်ယူမလား ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *