မသန်စွမ်းပရိသတ်တွေစီက ကားပါကင်ကြေးကောက်ဖို့ စီစဉ်နေလို့ဝေဖန်ခံနေရတဲ့ မန်စီးတီးအသင်း

0

ပရီးမီးယားလိဂ် (၄)ကြိမ်ဆက် ချန်ပီယံ မန်စီးတီး အသင်းဟာ အသင်းအားပေးသူမသန်စွမ်းပရိသတ်တွေထံက ကားပါကင်ကြေးကောက်ခံဖို့ စီစဥ်နေတာတွေကြောင့် ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

အပြာရောင်လက်မှတ်ကိုင်ဆောင်ထားတဲ့ ပုံမှန် ပွဲကြည့်သူ မသန်စွမ်းပရိသတ်တွေအနေနဲ့ မန်စီးတီးအသင်းရဲ့ အီတီဟတ်ဒ်ကွင်းအနီးက ကားပါကင်မှာ ကားရပ်နားရင် ယာဥ်ရပ်နားခ တစ်စီးကို (၆)ပေါင်ပေးရမှာဖြစ်ပါတယ်။

မသန်စွမ်းပရိသတ်တွေထံက ဒီလိုမဆိုစလောက်ငွေကြေးကအစ ကောက်ခံမယ့်အသင်းရဲ့အစီအစဉ်ကိုမန်စီးတီးပရိသတ်အဖွဲ့အစည်းတွေက ပြစ်တင်ခဲ့ကြပါတယ်။

မန်စီးတီး ပရိသတ်တစ်စုက GoFundMe ရန်ပုံငွေ ပလက်ဖောင်းကတစ်ဆင့် မသန်စွမ်းသူတွေရဲ့ ယာဥ်ရပ်နားခအတွက် အလှူငွေကောက်ခံတဲ့ အစီအစဥ်ကို ပြုလုပ်နေကြောင်း သိရပါတယ်။

မန်စီးတီးအသင်းဟာ ဒီလို ယာဥ်ရပ်နားခ ကောက်ခံခြင်းအတွက် ပွဲတစ်ပွဲကို (၂၁၆၀)ပေါင် ဝင်ငွေရှိနိုင်ကြောင်း သိရပါတယ်။ GoFundMe ကတစ်ဆင့် မန်စီးတီးပရိသတ်တွေက ရှေ့လာမယ့် မန်စီးတီး – ဘရန့်ဖို့ဒ်ပွဲ ကားပါကင်ကြေးအတွက် ငွေကြေးတွေ လှူဒါန်းလျက်ရှိပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ အလှူငွေ ပေါင်(၁၅၀၀)ခန့် ရရှိခဲ့ကြောင်း သိရပါတယ်။

မန်စီးတီးအသင်းမသန်စွမ်းအားပေးသူများအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဟောင်းဝပ်ကိုဟန်က “မိမိအသင်းကိုသစ္စာရှိရှိအားပေးနေတဲ့ မသန်စွမ်းပရိသတ်တွေဆီက ကားပါကင်ကြေးကောက်တဲ့ အစီအစဉ်က ကျွန်တော်တို့ကို နာကျင်စေပါတယ်။ မသန်စွမ်းပရိသတ်တွေဆိုတာ သူတို့ရဲ့ကားတွေကို မဖြစ်မနေလိုအပ်ပြီး ကွင်းနဲ့အနီးဆုံးနေရာမှာ ရပ်နားမှ အဆင်ပြေမှာပါ” လို့ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ကလပ်အသင်းတစ်ဝက်လောက်က သူတို့ရဲ့မသန်စွမ်းပရိသတ်တွေထံက ဒီလိုကောက်ခံမှုမျိုးမပြုလုပ်ကြကြောင်း သိရပါတယ်။ မန်စီးတီးအသင်းတာဝန်ရှိသူတွေက ဒီလိုလုပ်တာ ကလပ်အသင်းရဲ့ ဝင်ငွေပိုတိုးလာစေဖို့ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် မန်စီးတီးအသင်းမသန်စွမ်းအားပေးသူများအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မာ့ခ်တော့ဒ်က မန်စီးတီးလိုအသင်းမျိုးက ဒီလိုကောက်ခံတာဟာ ရှက်ဖို့ကောင်းတယ်လို့ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *