အိုင်ယာလန်အသင်းနဲ့ ပွဲမတိုင်ခင် နိုင်ငံတော်သီချင်း သီဆိုမှာမဟုတ်ဘူးဆိုတဲ့ လီကာစလေ

0

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ယာယီနည်းပြ လီကာစလေက ဒီညကစားရမယ့် UEFA Nations League ပွဲစဉ် အိုင်ယာလန်-အင်္ဂလန်ပွဲမတိုင်ခင် နှစ်ဘက်အသင်း နိုင်ငံတော်သီချင်း သီဆိုချိန်မှာ မိမိလိုက်ဆိုမှာ မဟုတ်ဘူးလို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

ဗြိတိန်မီဒီယာတချို့ကတော့ လီကာစလေအနေနဲ့ ဒီလို နိုင်ငံတော်သီချင်းကို လိုက်မသီဆိုရင် အင်္ဂလန်ပရိသတ်တွေဆီက ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

လီကာစလေက အင်္ဂလန် ယူ-ယူ၂၀၊ -၂၁ အသင်း​တွေရဲ့နည်းပြဖြစ်ခဲ့သလို လက်ရှိမှာ အင်္ဂလန်အသင်းယာယီနည်းပြဖြစ်နေပေမယ့် တကယ်တော့သူက အိုင်ယာလန်လက်ရွေးစင်ကစားသမားဟောင်းပါ။

အိုင်ယာလန်အသင်းရဲ့ခံစစ်ကွင်းလယ်လူအဖြစ် လီကာစလေက ပွဲပေါင်း(၄၀)ပွဲကစားခဲ့ဖူးပါတယ်။

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ မွေးဖွားခဲ့တဲ့ လီကာစလေအနေနဲ့ အိုင်ယာလန်နိုင်ငံ၊ ကော့ခ်ပြည်နယ်၊ ဒမ်မန်ဝေးမြို့မှာမွေးဖွားခဲ့တဲ့ အဖွားဖြစ်သူကြောင့် အိုင်ယာလန်နိုင်ငံကိုယ်စားပြုကစားခွင့်ရခဲ့ပြီး လူငယ်ကစားသမားဘဝမှာကတည်းက အိုင်ယာလန်ယူ-၂၁ အသင်းအတွက် ကစားခဲ့တာပါ။

ဒါဘီ၊ ဘလက်ဘန်း၊ ကိုဗင်ထရီ၊ အဲဗာတန်၊ ဘာမင်ဂမ် အစရှိတဲ့အသင်းတွေမှာ ကစားခဲ့တဲ့ လီကာစလေအနေနဲ့ ၂၀၂၀ ခုနှစ်ကတည်းက အင်္ဂလန်ယူ-၂၀ အသင်းကို ကိုင်တွယ်ခဲ့ပြီး အင်္ဂလန်နိုင်ငံကိုယ်စားပြုနည်းပြတစ်ဦးဖြစ်ခဲ့တာပါ။

ဒါပေမယ့် သူ အိုင်ယာလန်နဲ့ပွဲမှာ အင်္ဂလန်နိုင်ငံတော်သီချင်းဖြစ်တဲ့ God Save the King ကို မသီဆိုဘူးဆိုတာ အိုင်ယာလန်လက်ရွေးစင်ဖြစ်ခဲ့တာနဲ့ မသက်ဆိုင်ဘဲ အရင်ကလည်း ဒီလိုလိုက်မဆိုဘဲ ပွဲကိုပဲ အာရုံစိုက်ထားတယ်လို့ လီကာစလေက ဆိုပါတယ်။

“ကျွန်တော် အိုင်ယာလန်လက်ရွေးစင်အဖြစ် ကစားစဉ်ကတည်းက နိုင်ငံတော်သီချင်းသီဆိုချိန်တွေက ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ အင်္ဂလန်ယူ-၂၁ အသင်းမှာလည်း နိုင်ငံတော်သီချင်းသီဆိုနေချိန်မှာ ကျွန်တော်က ပွဲကိုဘယ်လိုစတင်မလဲ။ ပြိုင်ဘက်က ဘယ်လို ကစားကွက်ခင်းကျင်းမလဲ ဆိုတာကိုပဲ အာရုံစိုက်နေပါတယ်”လို့ ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *