ဘယ်သူနိုင်မလဲစောင့်ကြည့်ရမယ့် ချယ်လ်ဆီးအသင်းပိုင်ရှင်တွေရဲ့ အာဏာလွန်ဆွဲပွဲ

0

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတချို့က ကလပ်အသင်းပိုင်ရှင်တွေနဲ့ ပတ်သက်ပြီးထွက်ပေါ်နေတဲ့သတင်းတွေက မှန်ကန်မှုမရှိဘူးလို့ ဘယ်လောက်ပဲ ငြင်းငြင်း အတွင်းစည်းက ထွက်ပေါ်လာတဲ့သတင်းတွေအရ ချယ်လ်ဆီးအသင်းမှာ အသင်းပိုင်ရှင်တွေအကြား ပြိုကွဲမှုဖြစ်နေတာ သေချာသလောက်ရှိနေပါတယ်။

တကယ်တော့ ပြိုကွဲမှုလို့ ပြောတာထက် အာဏာလွန်ဆွဲမှုတိုက်ပွဲလို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။ တနည်းဆိုရင်တော့ ကလပ်အသင်းအပေါ်စီမံခန့်ခွဲပိုင်ခွင့်အားပြိုင်မှုဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့အဓိကရှယ်ယာရှင်နှစ်ဦးဖြစ်တဲ့ တော့ဒ်ဘိုလေးနဲ့ ရှယ်ယာရှင်အက်ဂ်ဘာလီတို့အကြား ပြိုကွဲလာတဲ့ဆက်ဆံရေးနဲ့ အသင်းကို ပိုမိုချုပ်ကိုင်လိုလာတဲ့ဆန္ဒတွေက ဒီလို အာဏာလွန်ဆွဲတဲ့တိုက်ပွဲကို ဖြစ်ပေါ်စေတာပါ။

အက်ဂ်ဘာလီနဲ့ နောက်ထပ်ဘီလျံနာသူဌေးတစ်ဦးဖြစ်တဲ့ ဖီလီစီယာနိုတို့ဟာ Clearlake Capital ကို ပိုင်ဆိုင်ထားပြီး တော့ဒ်ဘိုလေးနဲ့အတူ ချယ်လ်ဆီးအသင်းရဲ့ရှယ်ယာအများစုကို ဝယ်ယူထားတာဖြစ်ပါတယ်။

တော့ဒ်ဘိုလေးက ချယ်လ်ဆီးအသင်းမှာ အဓိကရှယ်ယာရှင်အဖြစ်နာမည်ထွက်ပြီး ချယ်လ်ဆီးအသင်းပိုင်ရှင်အဖြစ် သတ်မှတ်ခံနေရပေမယ့် အက်ဂ်ဘာလီနဲ့ ဖီလီစီယာနိုတို့ ပိုင်ဆိုင်တဲ့ Clearlake Capital က ရှယ်ယာ(၆၁.၅)% အထိတောင် ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

အခုအချိန်မှာ တော့ဒ်ဘိုလေးက ချယ်လ်ဆီးအသင်းကို တစ်ဦးတည်း လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် Clearlake Capital ကို အသင်းက ထွက်ခွာစေဖို့ အလိုရှိနေသလို၊ Clearlake Capital ဘက်ကလည်း နောက်ဆုတ်ပေးဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။

Clearlake Capital ကလည်း ချယ်လ်ဆီးအသင်းရဲ့ရှယ်ယာတွေကို ထပ်မံတိုးမြှင့်ဝယ်ယူပြီး တော့ဒ်ဘိုလေးကို အသင်းက လမ်းခွဲစေဖို့ အလိုရှိနေကြောင်း သိရပါတယ်။

ဒါကြောင့် အခုအချိန်မှာ တော့ဒ်ဘိုလေးနဲ့ Clearlake Capital တစ်ဖက်နဲ့တစ်ဖက် အသင်းက ဖယ်ထုတ်ဖို့ ကြိုးစားနေကြပြီး ဘယ်သူက ဘယ်သူကို အရှုံးပေးရမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အသင်းပိုင်ရှင်တွေရဲ့ပြဿနာက နဂိုကတည်းကမှ တည်ငြိမ်မှုမရှိတဲ့ ချယ်လ်ဆီးအသင်းရဲ့ကွင်းတွင်းခြေစွမ်းကို ဘယ်လောက်အထိ ထိခိုက်နိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။

Leave a Reply

Your email address will not be published. Required fields are marked *