နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာတောင် ကြံကြံဖန်ဖန် ရှုံးပွဲရှာဖွေနိုင်ခဲ့တဲ့ တန်ဟတ်

0

မန်ယူနိုက်တက်အသင်းအနေနဲ့ နိုင်ငံတကာရက်သတ္တပတ်အတွင်း ရှုံးပွဲမဆက်အောင် ရှောင်လွှဲနိုင်ခဲ့ပြီလို့ ပရိသတ်တွေ တွေးခဲ့မယ်ဆိုရင် အပြည့်အဝရာနှုန်းပြည့်မှန်ကန်တယ်လို့ မဆိုနိုင်သေးပါဘူး။

မန်ယူနိုက်တက်အသင်းက ဒီတစ်ပတ်မှာ ပွဲမကစားရလို့ ရှုံးပွဲမရှိပေမယ့် သူတို့အသင်းရဲ့နည်းပြအဲရစ်တန်ဟတ်က နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာတောင် ကြံကြံဖန်ဖန်ရှုံးပွဲရှာဖွေနိုင်ခဲ့လို့ပါပဲ။

နယ်သာလန်နိုင်ငံမှာ တန်ဟတ်ရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ အူထရက်ချ်အသင်းက အမှတ်တရပွဲတစ်ပွဲကစားခဲ့ပါတယ်။ အသင်းရဲ့ကစားသမားဟောင်း ဗန်ဒါမာရယ်လ်ကို ဂုဏ်ပြုတဲ့အမှတ်တရပွဲကျင်းပခဲ့တာဖြစ်ပြီး အူထရက်ချ်လက်ရှိအသင်းနဲ့ ကစားသမားဟောင်းတွေပါဝင်တဲ့ အူထရက်ချ်ဂန္ထဝင်အသင်းတို့ ကစားခဲ့ကြတာပါ။

ဒီပွဲမှာ တန်ဟတ်က အူထရက်ချ်ဂန္ထဝင်အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပညတ်သွားရာ ဓါတ်သက်ပါလို့ ဆိုရလေမလား …

တန်ဟတ်ကိုင်တွယ်ခဲ့တဲ့ အူထရက်ချ်ဂန္ထဝင်အသင်းက လက်ရှိအူထရက်ချ်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲရဲ့ကာယကံရှင် ဗန်ဒါမာရယ်လ်လည်း သူ့ရဲ့အမှတ်တရပွဲမှာ အူထရက်ချ်ဂန္ထဝင်အသင်းဘက်က ပါဝင်ကစားပြီး ရှုံးပွဲနဲ့ ညားသွားပါတယ်။

မန်ယူနိုက်တက်အသင်းက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲဦးထွက် (၃)ပွဲကစားထားရာမှာ ဘရိုက်တန်နဲ့ လီဗာပူးလ်အသင်းတို့ကို ရှုံးပွဲဆက်ထားလို့ နည်းပြတန်ဟတ်ဟာ ဖိအားများနေရတဲ့အချိန်ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ နိုင်ငံတကာရက်သတ္တပတ်ဝင်လာတာကြောင့် မန်ယူနိုက်တက်အသင်းက ရှုံးပွဲဆက်မယ့် အန္တရာယ်ကို ရှောင်လွှဲနိုင်ချိန်မှာ တန်ဟတ်ကတော့ အေးအေးဆေးဆေးမနေနိုင်ဘဲ မွေးရပ်မြေ နယ်သာလန်မှာ ရှုံးပွဲတစ်ပွဲကို ကြံကြံဖန်ဖန်ပြန်ရှာခဲ့တာပါ။

ဒါကြောင့် ဒီရာသီ ကွန်မြူနတီဒိုင်းပွဲကိုပါထည့်တွက်ရင် မန်ယူနိုက်တက်အသင်းက (၄)ပွဲကစား(၃)ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားပြီး နည်းပြတန်ဟတ်ကတော့ အသင်းထက် ရှုံးပွဲတစ်ပွဲပိုသာပြီး (၅)ပွဲကိုင်တွယ် (၄)ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *