ယူရိုချန်ပီယံဆု ရယူပေးခဲ့ပေးမယ့် ကလေးကကလေးလိုနေခဲ့ရတဲ့ လာမင်းယာမားလ်

0

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းချန်ပီယံဖြစ်အောင် အဓိကနေရာက ခြေစွမ်းပြကစားခဲ့ပေမယ့် စပိန်လူငယ်ကစားသမား လာမင်းယာမားလ်အနေနဲ့ နည်းပြဖြစ်သူရဲ့မျက်နှာသာပေးခြင်းကို မခံရဘဲ သူ့အသက်အရွယ်နဲ့ လျော်ညီတဲ့နေထိုင်မှုအတိုင်းသာ နေခဲ့ရကြောင်း သိရပါတယ်။

ယူရိုပြိုင်ပွဲစတင်ချိန်က ယာမားလ်ရဲ့အသက်က (၁၆)နှစ်ကျော်သာဖြစ်ပြီး ပြိုင်ပွဲကာလအတွင်း ဗိုလ်လုပွဲမတိုင်မီ တစ်ရက်ကမှ အသက်(၁၇)နှစ်ပြည့်ခဲ့တာပါ။

ဒါကြောင့် စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေးက သူ့ကို အသက်မပြည့်သေးတဲ့ ကလေးသူငယ်တစ်ယောက်ရဲ့နေထိုင်မှုပုံစံအတိုင်းနေထိုင်စားသောက်စေခဲ့တာပါ။

ယာမားလ်အနေနဲ့ ဗိုလ်လုပွဲအပြီး အခြားစပိန်လက်ရွေးစင်ကစားသမားတွေနဲ့ ပြင်ပမှာ လိုက်ပါစားသောက်ခွင့်တောင်မရခဲ့ဘဲ အသင်းဟိုတယ်မှာပဲ ကျန်နေခဲ့ရကြောင်းလည်း သိရပါတယ်။

အသက်မပြည့်သေးတဲ့ကလေးငယ်တစ်ဦးကို သောက်စားပျော်ပါးတဲ့နေရာတွေဆီခေါ်ဆောင်မသွားဘဲ ဟိုတယ်မှာ အစောင့်အကြပ်နဲ့ ထားရှိခဲ့တာကို ဒယ်လာဖွန်တေးက အခုအချိန်မှာ ပြန်ပြောပြခဲ့ပါတယ်။

UEFA Nations League ပွဲစဉ် ဆွစ်ဇာလန်-စပိန်ပွဲမတိုင်မီ Guardian သတင်းစာနဲ့ တွေ့ဆုံခဲ့ရာမှာ ဒယ်လာဖွန်တေးက “ကစားသမားတွေ ပြင်ပမှာ ထွက်စားသောက်တော့ သူ့ကို ကျွန်တော်တို့ မခေါ်သွားပါဘူး။ သူက အသက်မပြည့်သေးဘူးလေ။ သူ့ကို ကြည့်ဖို့ တစ်ယောက်ယောက်ကိုတာဝန်ပေးပြီး ဟိုတယ်မှာ ထားခဲ့ပါတယ်။ သူရဲ့မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့ ဆောင်ရွက်ရမယ့်အရာတွေရှိသလို၊ တချို့အရာတွေက လူမှုအသိုင်းအဝိုင်းမှာ ပြုလုပ်လို့မရတဲ့ အရာတွေရှိပါတယ်။ အဖွဲ့ချုပ်ရဲ့စည်းမျဉ်းဥပဒေတွေမှာလည်း သတ်မှတ်ထားတာတွေရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

ယာမားလ်ဟာ စပိန်ဘောလုံးလောကရဲ့အတောက်ပဆုံးကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အသက်(၁၅)နှစ်မှာကတည်းက ဘာစီလိုနာအသင်းကြီးမှာ စတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက်ခြေစွမ်းပြကစားခဲ့ပေမယ့် အချိန်အားတဲ့အချိန်တွေမှာ ကျောင်းသင်ခန်းစာတွေ ပြုလုပ်ခဲ့ရကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *