ကလပ်အသင်းနဲ့ နိုင်ငံ့အသင်းကြား စွမ်းဆောင်ရည် ဆန့်ကျင်ဘက် ကွာခြားနေတဲ့ ဟာလန်း

0

ကလပ်အသင်းမှာ အောင်မြင်ကျော်ကြားပေမယ့် နိုင်ငံ့လက်ရွေးစင်အသင်းမှာ အောင်မြင်မှုမရတဲ့ ကစားသမားတွေများစွာရှိပါတယ်။ ဂျော့စ်ဘတ်စ်၊ ရိုင်ယန်ဂစ်၊ ဂါရတ်ဘေးလ်၊ အီဘရာဟီမိုဗစ်၊ ရှက်ဗ်ချင်ကို အစရှိတဲ့ ကစားသမားတွေပါ။

ဒီကစားသမားတွေအနေနဲ့ သူတို့ရဲ့တစ်ဦးချင်းခြေစွမ်းကြောင့် နာမည်ကျော်ကလပ်အသင်းတွေမှာ ကစားခွင့်ရကြပြီး အောင်မြင်မှုတွေရခဲ့ကြပေမယ့် လက်ရွေးစင်အသင်းတွေမှာတော့ သူတို့ကို ဝန်းရံကစားတဲ့ကစားသမားတွေ၊ အသင်းဖော်တွေက ကလပ်အသင်းမှာလောက် ပြည့်စုံမှုမရှိတော့ တစ်ဦးတစ်ယောက်အားနဲ့ မစွမ်းသာဆိုသလို အောင်မြင်မှုနဲ့ ဝေးကွာခဲ့ရတာပါ။

မန်စီးတီးအသင်းမှာ ကစားနေတဲ့ နော်ဝေတိုက်စစ်မှူးဟာလန်းဆိုရင်လည်း ဒီစာရင်းထဲ ထည့်ထားရမှာပါ။

နော်ဝေလက်ရွေးစင်အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားေြ့ခစစ်ပွဲမအောင်ခဲ့သလို ယူရို-၂၀၂၄ ခြေစစ်ပွဲကိုလည်း မအောင်တာကြောင့် ဟာလန်းအနေနဲ့ အဓိက နိုင်ငံတကာပြိုင်ပွဲကြီးတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်နဲ့ လွဲချော်နေရဆဲပါ။

မန်စီးတီးအသင်းမှာ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗားတို့လို ဖန်တီးမှုကောင်းတဲ့ ကစားသမားတွေနဲ့ အတူတွဲကစားရချိန်မှာ ဟာလန်းက အဆုံးသတ်ကောင်းစွာနဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် နော်ဝေအသင်းမှာတော့ ရုန်းကန်နေရတာကို တွေ့နေရပါတယ်။

ဒီရာသီ ကလပ်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းမှာ ဟက်ထရစ်တွေသွင်းပြီး သွင်းဂိုးစံချိန်တွေ စိုက်ထူနေပေမယ့် နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့နော်ဝေအသင်းမှာတော့ ဟာလန်းရဲ့ခြေစွမ်းဟာ သာမန်အောက်မှာပဲရှိလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ နေးရှင်းလိဂ်အဖွင့်ပွဲစဉ်မှာ နော်ဝေအသင်းဟာ မိမိထက် ကမ္ဘာ့အဆင့်(၅၉)ဆင့်နိမ့်တဲ့ ကာဇက်စတန်အသင်း(အဆင့် ၁၀၉)ကို ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ဟာလန်းကလည်း ခြေစွမ်းအဆင့်သတ်မှတ်ချက်(Rating) ၂/၁၀ သာရရှိခဲ့ပါတယ်။ ဒါက အတော်နည်းတဲ့ ကိန်းဂဏန်းဖြစ်ပြီး ဟာလန်းလို ကစားသမားမျိုးက ဒီလောက်ပဲရတာ အံအားသင့်စရာဖြစ်ပါတယ်။

ဒါကြောင့် ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်း ကစားသမားဘဝနှစ်ခုက ဟာလန်းအတွက် (အောင်မြင်မှုအရ)ဆန့်ကျင်ဘက်အသွင် ကွာခြားနေသလို အခုတော့ သူ့ရဲ့စွမ်းဆောင်ရည်ပါ ကြီးကြီးမားမားကွာခြားလာတာကို မှတ်တမ်းအချက်အလက်တွေက သက်သေပြနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *