ဘာပေထံ ယူရို(၅၅)သန်းပေးချေဖို့ ပြင်သစ်လိဂ်ရဲ့အမိန့်ပေးမှုကို PSG ငြင်းဆန်

0

ပြင်သစ်လိဂ်တရားရေးကော်မရှင်(LFP)ဟာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေရဖို့ရှိနေတဲ့ လုပ်ခလစာယူရို(၅၅)သန်းကို ပေးချေဖို့ အမိန့်ထုတ်ခဲ့ပေမယ့် သူ့ရဲ့အသင်းဟောင်း PSG အသင်းက ပေးချေဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

PSG အသင်းဟာ ဘာပေကို နောက်ဆုံးလုပ်ခလစာ(၃)လစာနဲ့ သစ္စာရှိကြေးပေးချေဖို့ ကျန်ရှိနေပေမယ့် ပြင်သစ်လိဂ်တရားရေးကော်မရှင်ရဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ အငြင်းပွားမှုဖြစ်နေတဲ့ လစာကိစ္စမှာ ပြင်သစ်တရားရေးကော်မရှင်ကို ပါဝင်ပေးဖို့တောင်းဆိုခဲ့ပြီးနောက် PSG အသင်းတာဝန်ရှိသူတွေနဲ့ ဘာပေရဲ့ကိုယ်စားလှယ်တို့ဟာ ဗုဒ္ဓဟူးနေ့က ပါရီမှာ တွေ့ဆုံမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ ပြင်သစ်လိဂ်တရားရေးကော်မရှင်က ဘာပေထံ တစ်ပတ်အတွင်းပေးချေဖို့ PSG အသင်းကို ပြောခဲ့တာပါ။

PSG အသင်းကတော့ ဘာပေထံ ယူရို(၅၅)သန်းကို ပေးချေမှာမဟုတ်ဘဲ နောက်ထပ်တရားရုံးတစ်ခုမှာ ဒါကို ဆက်ပြီးဖြေရှင်းသွားမယ်လို့ တုံ့ပြန်ထားတာဖြစ်ပါတယ်။ PSG အသင်းက တိုက်စစ်မှူးဟောင်း ဘာပေဟာ ၂၀၂၃ သြဂုတ်မှာ ဒီငွေကြေးတွေကို စွန့်လွှတ်ဖို့ သဘောတူထားတယ်လို့ အခိုင်အမာဆိုထားပါတယ်။ PSG အသင်းဟာ ဘာပေကို နွေရာသီအပြောင်းအရွှေ့ကာလက ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်နဲ့ ဆုံးရှုံးခဲ့ရတဲ့အပေါ် ကျေနပ်မှုမရှိဖြစ်နေတာပါ။

အဲ့ဒါကြောင့် ဘာပေနဲ့ PSG အသင်းတို့အကြား တင်းမာမှုတွေက ပိုပြီးအခြေအနေဆိုးရွားလာခဲ့ပါတယ်။ PSG အသင်းမှာ (၇)နှစ်ကြာကစားခဲ့တဲ့ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၅)ပွဲကစားထားအပြီးမှာ (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *