ကလပ်အသင်းမှာရော၊ လက်ရွေးစင်မှာပါ ၂၀၂၄ အတွင်း ပွဲတိုင်းဂိုးသွင်းထားတဲ့ စီရော်နယ်ဒို

0

ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာအသင်းရဲ့ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဒီရာသီမှာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ပွဲတိုင်းမှာ ဂိုးသွင်းထားပါတယ်။

စီရော်နယ်ဒိုဟာ ဒီရာသီ ကလပ်အသင်းဖြစ်တဲ့ အယ်လ်နာဆာအသင်းမှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်(၂)ပွဲကစားထားပြီး ပွဲစဉ်(၁) အယ်လ်နာဆာ(၁-၁) အယ်လ်အာရက်ဒ်ပွဲမှာ တစ်ဂိုး၊ ပွဲစဉ်(၂) အယ်လ်ဖေဟာ(၁-၄)အယ်လ်နာဆာပွဲမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။

ဒါ့အပြင်သြဂုတ်လအတွင်းကစားခဲ့တဲ့ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ် အယ်လ်တာအေဝန်(ဝ-၂)အယ်လ်နာဆာပွဲမှာ တစ်ဂိုး၊ ဗိုလ်လုပွဲဖြစ်တဲ့ အယ်လ်နာဆာ(၁-၄)အယ်လ်ဟီလယ်လ်ပွဲမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။

ဒီစက်တင်ဘာ နိုင်ငံတကာပွဲစဉ်တွေမှာ စီရော်နယ်ဒိုဟာ (၂)ပွဲစလုံးဂိုးသွင်းခဲ့ပြီး ပေါ်တူဂီ(၂-၁) ခရိုအေးရှားပွဲမှာ တစ်ဂိုး၊ ပေါ်တူဂီ(၂-၁)စကော့တလန်ပွဲမှာ တစ်ဂိုးသွင်းခဲ့တာပါ။

ဒါကြောင့် ၂၀၂၄-၂၅ ရာသီအတွင်း စီရော်နယ်ဒိုအနေနဲ့ ကလပ်အသင်းမှာ (၄)ပွဲကစား(၄)ဂိုးသွင်း၊ နိုင်ငံ့အသင်းမှာ (၂)ပွဲကစား(၂)ဂိုးသွင်းပြီး ရာနှုန်းပြည့်ဂိုးသွင်းမှတ်တမ်းကို ရယူထားပါတယ်။

ဒီပွဲ(၆)ပွဲမှာ စီရော်နယ်ဒိုအနေနဲ့ (၆)ဂိုးသွင်းခဲ့သလို၊ အသင်းဖော်တွေ ဂိုးသွင်းယူနိုင်ဖို့ (၂)ဂိုးဖန်တီးပေးခဲ့ပါသေးတယ်။ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီလ(၅)ရက်နေ့ဆိုရင် အသက်(၄၀)နှစ်ပြည့်တော့မယ့် စီရော်နယ်ဒိုအနေနဲ့ ဂိုးသွင်းနှုန်းမလျှော့ကျသေးဘဲ ငယ်မူငယ်သွေး ပြနေဆဲပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ သူ့ထက်အသက်ငယ်ရွယ်တဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဟာရီကိန်း(၅၂ ဂိုး)၊ ဘာပေ(၅၂ ဂိုး)၊ ဟာလန်း(၅၀ ဂိုး) တို့ကို ကျော်ဖြတ်ပြီး (၅၄)ဂိုးအထိသွင်းပြီး တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ခဲ့တဲ့ စီရော်နယ်ဒိုအနေနဲ့ ဒီနှစ်မှာရော ဘယ်လောက်အထိ သွင်းယူနိုင်ဦးမလဲဆိုတာ ကြည့်ရဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *