မန်စီးတီးအသင်းရဲ့ စွဲချက်(၁၁၅)ခုကို ကြားနာစစ်ဆေးတော့မယ့်အပေါ် မိမိဝမ်းမြောက်တယ်လို့ ဂွါဒီယိုလာ ဆို

0

ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ မန်စီးတီးအသင်းရဲ့စွဲချက်(၁၁၅)ခုကို တနင်္လာနေ့မှာ ကြားနာစစ်ဆေးတော့မယ့်အပေါ် သူဝမ်းမြောက်မိတယ်လို့ နည်းပြ ဂွါဒီယိုလာက မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်ဆိုထားပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၀၉ ကနေ ၂၀၁၈ အတွင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့စွပ်စွဲခံထားရတာပါ။

ဒါကို (၄)နှစ်ကြာစုံစမ်းစစ်ဆေးမှုအပြီး ၂၀၂၃ ဖေဖော်ဝါရီမှာ လွတ်လပ်တဲ့ကော်မရှင်ထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ သူတို့အပေါ် စွဲချက်အားလုံးကို ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့တာပါ။ ဂွါဒီယိုလာက ကြားနာမှုအပေါ် ဝမ်းမြောက်မိကြောင်းနဲ့ မကြာခင်ပြီးဆုံးနိုင်ဖို့ မျှော်လင့်ပြီး ဆုံးဖြတ်ချက်ကို စောင့်မျှော်နေတယ်လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းအပေါ် ကြားနာမှုဟာ (၁၀)ပတ်ကြာဖွယ်ရှိပြီး ၂၀၂၅ အစောပိုင်းမှာစီရင်ချက်ချနိုင်တာပါ။ မန်စီးတီးအသင်းအနေနဲ့ စွဲချက်တွေအတိုင်း အပြစ်ရှိကြောင်းတွေ့ရမယ်ဆိုရင် အမှတ်အများအပြားလျှော့ချခံရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းနိုင်သလို ဒါမှမဟုတ် ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်နိုင်တဲ့ အရေးယူမှုတွေခံရဖွယ်ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ Abu Dhabi United Group က ဝယ်ယူခဲ့တဲ့ ၂၀၀၈ ကတည်းက ပရီးမီးယားလိဂ်ဖလား(၈)ကြိမ်၊ချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို (၁)ကြိမ်စီရရှိထားပြီး ပြည်တွင်းဖလားအများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *