ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မိမိတို့ အနိုင်ယူမယ်လို့ ဒီရွန်းဆို

0

ဒီနေ့ကစားမယ့် အတ္တလန်တာ-လေဗာကူဆင် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မတိုင်ခင်မှာ အတ္တလန်တာကွင်းလယ်လူ ဒီရွန်းက သူတို့ဟာ ဒီရာသီမှာရှုံးပွဲလုံးဝမရှိသေးတဲ့ လေဗာကူဆင်အသင်းကို အနိုင်ယူနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ (၅၁)ပွဲအထိရှိခဲ့ပြီဖြစ်ပြီး ဘွန်ဒစ်လီဂါဖလားကို သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ရယူနိုင်ခဲ့သလို နောက်ထပ်ဆုဖလား(၂)လုံးရယူနိုင်မယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားတာပါ။

လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆုဖလားနဲ့အတူတွေ့ရစဉ်

အတ္တလန်တာအသင်းဟာလည်း ဒီရာသီမှာ အကောင်းဆုံးပုံစံတစ်ခုကို ရရှိထားပြီး ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဗိုလ်လုပွဲကို တက်နိုင်ခဲ့သလို ကိုပါအီတလီယာဖလားဗိုလ်လုပွဲကိုလည်း ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အတ္တလန်တာအသင်းဟာ ကိုပါအီတလီယာဖလားဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းကို(ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရယူပြီး (၆၁)နှစ်ကြာဆုဖလားနဲ့ဝေးကွာခဲ့တာကို အဆုံးသတ်ချင်နေတာပါ။ ဒီအချိန်မှာ အတ္တလန်တာကွင်းလယ်လူ ဒီရွန်းက သူတို့ဟာ လေဗာကူဆင်အသင်းကို အနိုင်ယူပြီး သူတို့ရဲ့ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပစ်မယ်လို့ ပြောလာခဲ့ပါတယ်။

ဒီရွန်းက “သူတို့ဟာ အခုအချိန်ထိ ပြီးပြည့်စုံတဲ့ရာသီကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ကို အနိုင်မယူနိုင်ဘူးလို့ထင်ရပေမယ့် ကျွန်တော်တို့ဟာ ဒီအရာတွေကို ပြောင်းလဲသွားအောင်လုပ်နိုင်ပါတယ်။ ဆုဖလားကိုင်မြှောက်နိုင်ဖို့က အရေးကြီးပါတယ်”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာပြောခဲ့တာပါ။

ဒီရွန်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ပေမယ့် အတ္တလန်တာအသင်း ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။ အတ္တလန်တာအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီးဖြစ်လို့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို အပြည့်အဝအာရုံစိုက်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *