ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အတ္တလန်တာအသင်းကို အလွန်ဆို ဂုဏ်ပြုခဲ့ပြီး ထိုက်တန်စွာအနိုင်ရခဲ့ဟု ဆို

0

မနေ့က အတ္တလန်တာ(၃-ဝ)လေဗာကူဆင် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက အတ္တလန်တာအသင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မိမိတို့အသင်းကို ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာလို့ဆိုခဲ့ပါတယ်။

ဘွန်ဒစ်လီဂါချန်ပီယံ လေဗာကူဆင်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီပြိုင်ပွဲစုံ(၅၁)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ စံချိန်မှတ်တမ်းအဆုံးသတ်သွားခဲ့တာပါ။

ဇာဘီအလွန်ဆိုဟာ ပွဲအပြီး အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီဆီကို သွားရောက်နှုတ်ဆက်ချိန်မှာ နှစ်လိုဖွယ်ရာအပြုံးနဲ့ ဂုဏ်ပြုစကားပြောကာ ကွင်းအတွင်းနှစ်သက်ဖွယ်ကောင်းတဲ့ အခိုက်အတန့်ကို မျှဝေခဲ့ကြတာဖြစ်ပါတယ်။
ဇာဘီအလွန်ဆိုဟာ ဒီရှုံးပွဲကြောင့် သူ့ရဲ့စိတ်ပျက်မှုကို ဖုံးကွယ်ထားခဲ့ခြင်းမရှိပေမယ့် ယူရိုပါလိဂ်ဆုဖလားကို အတ္တလန်တာအသင်း ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဇာဘီအလွန်ဆိုက “ဒီရလဒ်ကြောင့် ကျွန်တော့်ကစားသမားတွေကို ဂုဏ်ယူတဲ့အရာ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဒီဆုဖလားကို ရယူချင်ပေမယ့် မရနိုင်ခဲ့တဲ့အတွက် နာကျင်ရပါတယ်။ ဒါပေမယ့် ဒီဗိုလ်လုပွဲမှာ အနိုင်ရသွားတဲ့ အတ္တလန်တာအသင်းကို ဂုဏ်ပြုပါတယ်။ သူတို့အနေနဲ့ ဒီချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရခဲ့တဲ့အတွက် ဘာမှစောဒကတက်နေစရာမရှိပါဘူး”လို့ဆိုခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ဆုဖလား(၃)လုံးရယူနိုင်မယ့် မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ရပေမယ့် ဆုဖလား(၂)လုံးချန်ပီယံတော့ ဖြစ်ခွင့်ရှိနေသေးပြီး မေ(၂၅)ရက်မှာ ကိုင်ဇာစလော့တန်အသင်းနဲ့ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *