လွတ်လပ်ပေါ့ပါးစွာ ဂျင်းဘောင်းဘီ ဝတ်ဆင်ခဲ့တဲ့ ဂတ်စ်ပါရီနီကို ပရိသတ်တွေ နောက်ပြောင်

0

မနေ့က အတ္တလန်တာ(၃-ဝ)လေဗာကူဆင်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လူငယ်တစ်ဦးလို လွတ်လပ်ပေါ့ပါးစွာ ဂျင်းဘောင်းဘီဝတ်ဆင်ခဲ့တဲ့ အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီကို ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာနောက်ပြောင်နေကြပါတယ်။

ပရိသတ်တချို့က ဂတ်စ်ပါရီနီကို ဂျင်းဘောင်းဘီဝတ်ဆင်ပြီး ပထမဆုံးဥရောပဖလားရယူနိုင်တဲ့နည်းပြလို့ ဆိုရှယ်မီဒီယာမှာ နောက်ပြောင်ရေးသားခဲ့ပါတယ်။

ဂတ်စ်ပါရီနီဟာ အတ္တလန်တာအသင်းကို အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ဥရောပဖလားရယူနိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။

ယူရိုပါလိဂ်ဖလားနဲ့အတူ အောင်ပွဲခံနေသည့် အတ္တလန်တာနည်းပြ ဂတ်စ်ပါရီနီ

ဒီပွဲမှာ လေဗာကူဆင်အသင်းရဲ့ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပြီး အတ္တလန်တာအသင်း ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တာထက် ပရိသတ်အချို့ကတော့ ဂတ်စ်ပါရီနီ ဂျင်းဘောင်းဘီဝတ်ဆင်တာကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ဒီလို ဖလားဗိုလ်လုပွဲတွေမှာ နည်းပြအများစုက အနောက်တိုင်းဝတ်စုံ(Suit)ကို ခန့်ညားစွာ ဝတ်ဆင်လေ့ရှိကြပေမယ့် အသက်(၆၆)နှစ်အရွယ်ရှိ ဂတ်စ်ပီရီနီကတော့ အပြာရောင်ဂျင်းဘောင်းဘီနဲ့ အတ္တလန်တာအသင်းတံဆိပ်ပါ ဂျက်ကတ်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ခဲ့တာပါ။

အင်္ဂလန်နိုင်ငံမှာတော့ FA ဖလားပြိုင်ပွဲဗိုလ်လုပွဲလို အဓိကဖလားဗိုလ်လုပွဲတွေမှာ နည်းပြတွေအနေနဲ့ Suit ဝတ်ဆင်တာကို (စည်းကမ်းသတ်မှတ်မထားပေမယ့်) ပရိသတ်တွေအပါအဝင် တာဝန်ရှိသူတွေက အလိုရှိကြပြီး ပြီးခဲ့တဲ့နှစ် FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာ Suit အပေါ်အင်္ကျီဝတ်ဆင်ခဲ့ခြင်းမရှိရာမှာ ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ပရိသတ်တစ်ဦးက “ဂတ်စ်ပါရီနီက ဂျင်းဘောင်းဘီဝတ်ဆင်ပြီး ဥရောပဆုဖလားကို ပထမဆုံးရယူနိုင်ခဲ့တဲ့ နည်းပြလား”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက “ဂတ်စ်ပါရီနီဟာ သူ့ရဲ့နည်းပြဘဝအကြီးမားဆုံးပွဲစဉ်ကို အပြာရောင်ဂျင်းဘောင်းဘီဝတ်ဆင်ခဲ့ပါတယ်၊ သူ့ကိုချစ်တယ်”လို့ ရေးသားခဲ့ပါတယ်။

ဂတ်စ်ပါရီနီဟာ အတ္တလန်တာအသင်းကို ၂၀၁၆ ဇွန်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ အတ္တလန်တာအသင်းဟာ အများကြီးတိုးတက်မှုရှိခဲ့ပါတယ်။ အတ္တလန်တာအသင်းနဲ့ ရယူနိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဖလားဟာ ဂတ်စ်ပါရီနီအတွက် သူ့ရဲ့နည်းပြဘဝမှာ ပထမဆုံးရယူနိုင်ခဲ့တဲ့ ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *