PSG နဲ့ ချန်ပီယံလိဂ်ပွဲက အဖြစ်အပျက်တွေကြောင့် ဘာစီလိုနာအသင်းကို UEFA အရေးယူမှု ပြုလုပ်

0

ဘာစီလိုနာအသင်းဟာ ဧပြီ(၁၆)ရက်က ယှဉ်ပြိုင်ခဲ့တဲ့ PSG အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ဒဏ်ကြေးငွေချမှတ်ခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းနည်းပြ ဇာဗီ၊ နောက်ခံလူ ဆာဂျီရောဘတ်တိုနဲ့ ဂိုးနည်းပြ ရာမွန်တို့ကို UEFA က ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဇာဗီဟာ ကင်မရာတည်ရှိရာနေရာကို ကန်ခဲ့တာအပါအဝင် ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကြောင့် (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဇာဗီဟာ အားကစားမဆန်တဲ့ အပြုအမူနဲ့ မသင့်လျော်တဲ့စကားကို ပြောခဲ့တယ်လို့ UEFA က စွပ်စွဲခဲ့ပါတယ်။ ဒီပွဲမှာ ပွဲပယ်ကြောင့် ပါဝင်ကစားခွင့်မရခဲ့တဲ့ နောက်ခံလူ ရောဘတ်တိုဟာ ပွဲအပြီးမှာ ကွင်းအတွင်းဝင်ရောက်လာကာ ကွင်းလယ်ဒိုင်လူကြီးကို ကန့်ကွက်ခဲ့တာကြောင့် (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဂိုးနည်းပြ ရာမွန်ကတော့(၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

UEFA က ဒီအဖြစ်အပျက်တွေအပါအဝင် ကွင်းထဲကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခြင်း၊ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ခြင်းတွေအတွက် ဘာစီလိုနာအသင်းကို ယူရို(၆၀၀၀၀)ဒဏ်ကြေးငွေ ချမှတ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲစဉ်မှာ နောက်ခံလူ အာရူဟိုအနီကတ်ထိခဲ့တာကြောင့် PSG အသင်းကို (၁-၄)ဂိုးနဲ့ အရေးနိမ့်ခဲ့ ပါတယ်။ အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ နှစ်ကျော့ပေါင်းရလဒ်(၄-၆)ဂိုးနဲ့ PSG အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။

ဘာစီလိုနာအသင်းဟာ ဒီရာသီ စပိန်လာလီဂါနောက်ဆုံးပွဲစဉ်အဖြစ် မေ(၂၆)ရက်မှာ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်ကာ ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *