FA ဖလားဗိုလ်လုပွဲကို နောက်ခံလူ မက်ဂွဲယား လွဲချော်မယ်လို့ တန်ဟတ် အတည်ပြု

0

အင်္ဂလန်နောက်ခံလူ မက်ဂွဲယားဟာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်မယ့် FA ဖလားဗိုလ်လုပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က အတည်ပြုခဲ့ပါတယ်။

မက်ဂွဲယားဟာ ဧပြီ(၂၇)ရက်က ဘန်လေအသင်းနဲ့(၁)ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးပြီးနောက် မန်ယူနိုက်တက်အသင်းနောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲစလုံးပါဝင်နိုင်ခဲ့ခြင်းမရှိတော့တာပါ။

မက်ဂွဲယားမပါဝင်နိုင်တာက မန်ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပေမယ့် ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗာရန်းနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ ကြံ့ခိုင်မှုအပြည့်ရှိနေတဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်ဟာ FA ဖလားဗိုလ်လုပွဲမှာ သူတို့(၂)ဦးကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့ရှိနေပါတယ်။

နောက်ခံလူ လင်ဒီလော့ဖ်၊ကွင်းလယ်လူ မေဆန်မောင့်နဲ့ တိုက်စစ်မှူး မာရှယ်တို့ဟာ အသင်းနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်တဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်ဟာ သူတို့(၃)ဦးကိုလည်း ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

မက်ဂွဲယားဟာ မန်ယူနိုက်တက်အသင်းမှာရှိနေချိန်အတွင်း ကလပ်အသင်းကစားခဲ့တဲ့ ဖလားဗိုလ်လုပွဲ(၄)ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ဒဏ်ရာကြောင့်(၂)ပွဲကို လွဲချော်ခဲ့ပြီး နောက်ထပ်(၂)ပွဲကိုတော့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ မက်ဂွဲယားဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေပေမယ့် မကြာခဏဆိုသလို ဒဏ်ရာနှိပ်စက်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။

ဒါပေမယ့် မက်ဂွဲယားဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် စခန်းသွင်းလေ့ကျင့်မှုပြုလုပ်မယ့် အင်္ဂလန်အသင်းရဲ့ပဏာမလူစာရင်း(၃၃)ဦးထဲမှာ ရွေးချယ်ခံထားရပြီး မကြာခင်မှာ သွားရောက်ပူးပေါင်းပြီး လေ့ကျင့်မှုပြုလုပ်သွားဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *