ရီးရယ်လ်မက်ဒရစ် ကစားသမားဘဝ ဘာနေဗျူးနှုတ်ဆက်ပွဲမှာ တိုနီကရုးစ် ငိုကြွေး

0

မနေ့က ရီးရယ်လ်မက်ဒရစ်(ဝ-ဝ)ဘက်တစ် စပိန်လာလီဂါပွဲစဉ်မှာ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ ရီးရယ်လ်မက်ဒရစ်အသင်းကစားသမားဘဝအိမ်ကွင်းနောက်ဆုံးပွဲစဉ်အဖြစ် ဘာနေဗျူးရှိ ပရိသတ်တွေကို မိသားစုနဲ့အတူ နှုတ်ဆက်မှုပြုလုပ်ရင်း ငိုကြွေးခဲ့ပါတယ်။

တိုနီကရူးစ်ဟာ လာမယ့်ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝက အနားယူမယ်လို့ တရားဝင်ကြေညာထားတာပါ။

ကစားသမားဘဝကနေအနားယူတော့မယ့် တိုနီကရုးစ်ကို အသင်းဖော်တွေဂုဏ်ပြုနှုတ်ဆက်နေကြစဉ်

တိုနီကရူးစ်ဟာ ဒီပွဲစဉ်ကစားဖို့ ကွင်းထဲဝင်ရောက်လာချိန်မှာ ရီးရယ်လ်မက်ဒရစ်အသင်းနဲ့ ဘက်တစ်အသင်းကစားသမားတွေဟာ သူ့ကို Guard of honor နဲ့ ဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ရီးရယ်လ်မက်ဒရစ်အသင်းပရိသတ်တွေက “ကျေးဇူးတင်ပါတယ် ဂန္ထဝင်”ဆိုပြီး စာရေးသားထားတဲ့ တိုနီကရူးစ်ရဲ့ကြီးမားတဲ့ပုံကြီးကို ပွဲကြည့်စင်ပေါ်မှာ ပြသထားခဲ့တာပါ။ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ ဘာနေဗျူးရဲ့ကွင်းအလယ်မှာ ရီးရယ်လ်မက်ဒရစ်အသင်းနဲ့အတူ ရယူနိုင်ခဲ့တဲ့ ဆုဖလားတွေနဲ့အတူ အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၈၇)မိနစ်မှာ တိုနီကရူးစ်ကို လူစားလဲချိန်မှာ တစ်ကွင်းလုံးမှာရှိတဲ့ ပရိသတ်တွေဟာ မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။

တိုနီကရူးစ်ဟာ ကွင်းပြင်ကို ရောက်ရှိတဲ့အချိန်မှာ သမီးဖြစ်သူကို ပွေ့ဖက်ချီရင်း ငိုကြွေးနေခဲ့တဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေခဲ့တာပါ။ ၂၀၁၄ က ဘိုင်ယန်မြူးနစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ တိုနီကရူးစ်ဟာ ရီးရယ်လ်မက်ဒရစ်အသင်းနဲ့ လာလီဂါဖလား(၄)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အပါအဝင် ဆုဖလား(၂၂)ခုရယူနိုင်ခဲ့ပါတယ်။

တိုနီကရူးစ်ဟာ ရီးရယ်လ်မက်ဒရစ်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ဇွန်(၁)ရက်မှာ ကစားမယ့် ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *