ကွန်းဖရန့်လိဂ်ပြိုင်ပွဲသာ ဝင်ခွင့်ရခဲ့ပေမယ့် ချယ်လ်ဆီးပရိသတ်အချို့ အကောင်းမြင်ကျေနပ်

0

ချယ်လ်ဆီးအသင်းပရိသတ်အချို့ဟာ လာမယ့်ရာသီကွန်းဖရန့်လိဂ်ဝင်ခွင့်ရတဲ့အပေါ် ကျေနပ်ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာ အကောင်းမြင်စိတ်နဲ့ ရေးသားနေကြပါတယ်။

မန်ယူနိုက်တက်အသင်းက FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ကို ရရှိသွားခဲ့ပြီး ချယ်လ်ဆီးအသင်းက ကွန်းဖရန့်လိဂ်ပြိုင်ပွဲကိုသာ ယှဉ်ပြိုင်ရတော့မှာပါ။

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ချယ်လ်ဆီးအသင်းက အဆင့်(၆)နေရာမှာ ရပ်တည်ခဲ့ပြီး မန်ယူနိုက်တက်အသင်းက အဆင့်(၈)နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုအရဆိုရင် ချယ်လ်ဆီးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး မန်ယူနိုက်တက်အသင်းက ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့တာပါ။

ဒါပေမယ့် FA ဖလားချန်ပီယံအသင်းကို ယူရိုပါလိဂ်ဝင်ခွင့်အတွက် ပိုမိုဦးစားပေးထားတာကြောင့် ဒီရာသီ FA ဖလားပြိုင်ပွဲမှာ မန်ယူနိုက်တက်အသင်း ဗိုလ်စွဲခဲ့ရာမှာ အခြေအနေတွေက ပြောင်းသွားခဲ့ပြီး မန်ယူနိုက်တက်အသင်းက ယူရိုပါလိဂ်နဲ့ ချယ်လ်ဆီးအသင်းက ကွန်းဖရန့်လိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူရိုပါလိဂ်ထက် အဆင့်နိမ့်တဲ့ပြိုင်ပွဲဖြစ်ပေမယ့် ပရိသတ်အချို့ကတော့ ကျေနပ်တယ်လို့ ဆိုနေကြပါတယ်။ ပရိသတ်တစ်ဦးက “အပြုသဘောအနေနဲ့ ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ဥရောပဆုဖလားတိုင်းကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကလပ်ဖြစ်လာဖို့ အခွင့်အရေးပဲလို့”ရေးသားခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးက “ကွန်းဖရန့်လိဂ်ကို ငါတို့လာပြီ။ ဒီဖလားက ငါတို့မရသေးတဲ့ တစ်ခုတည်းသောဆုဖလားပဲ”လို့ ရေးသားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ဥရောပစူပါဖလားတို့ကို ရယူထားနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ကွန်းဖရန့်လိဂ်ဖလားရယူနိုင်ခဲ့ရင် ဥရောပဆုဖလားအားလုံးကို ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *