ဖီအိုရမ်တီးနားကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူပြီး အမိမြေမှာကွန်းဖရန့်လိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ အိုလံပီယာကော့စ်

0

အိုလံပီယာကော့စ်(၁-ဝ)ဖီအိုရမ်တီးနား
(ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ)

ဥရောပတတိယတန်းစားဖလားပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းက အီတလီကလပ်ဖီအိုရမ်တီးနားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဥရောပဆုဖလားတစ်လုံးကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီဗိုလ်လုပွဲကို ဂရိမြေမှာ ကျင်းပတာဖြစ်လို့ မိမိမြေ၊ မိမိပရိသတ်အများစုရဲ့ရှေ့မှောက်မှာ အိုလံပီယာကော့စ်အသင်းအနေနဲ့ ဥရောပဆုဖလားရတဲ့ ပထမဆုံးဂရိကလပ်အဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

မနှစ်က ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ဖလားရခဲ့တဲ့ စပိန်လူမျိုးနည်းပြမန်ဒီလီဘာအနေနဲ့လည်း (၂)နှစ်ဆက် ဥရောပဖလားရယူနိုင်ခဲ့တာ ဖြစ်ခဲ့ပါတယ်။

ဖီအိုရမ်တီးနားအသင်းကတော့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲကို (၂)ကြိမ်ဆက် ဗိုလ်လုပွဲတက်ခဲ့ပေမယ့် (၂)ကြိမ်စလုံး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ဒီပွဲမှာ အီတလီကလပ်ဖီအိုရမ်တီးနားအသင်းအနေနဲ့ ဂိုးသွင်းခွင့်တွေပိုရခဲ့ပြီး ပွဲကို ပိုမိုလွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် ဖီအိုရမ်တီးနားအသင်းတိုက်စစ်မှူးတွေ အဆုံးသတ်မသေချာခဲ့တာကြောင့် အခွင့်အရေးအတော်များများ ဆုံးရှုံးခဲ့ပြီး ဂိုးမဖြစ်ခဲ့တာပါ။

ပထမပိုင်း(၉)မိနစ်မှာ ဖီအိုရမ်တီးနားဘက်က ဘိုနာဗန်တူရာ သွင်းယူခဲ့တဲ့ဂိုးကလည်း လူကျွံဘောဖြစ်နေတယ်ဆိုပြီး ပယ်ချခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ တောင်ပံကစားသမားကူအာမီရဲ့သွင်းယူမှုကိုလည်း သေချာပေါက်ဂိုးဝင်နိုင်တဲ့အနေအထားမှာ အိုလံပီယာကော့စ်ဂိုးသမားက ကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။

ပုံမှန်ပွဲချိန်အတွင်း နှစ်ဖက်အသင်းဂိုးမရှိသရေကျနေတာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ ဒီရာသီမှာ အိုလံပီယာကော့စ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေများစွာသွင်းယူပေးနေတဲ့ မော်ရိုကို တိုက်စစ်မှူး အယ်လ်ကာဘီက ဖီအိုရမ်တီးနားကို အသည်းကွဲစေမယ့် အနိုင်ဂိုးကို ပွဲချိန်(၁၁၆)မိနစ်မှ သွင်းယူသွားခဲ့တာပါ။

အယ်လ်ကာဘီအနေနဲ့ ဒီရာသီ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ (၁၁)ဂိုးသွင်းယူခဲ့ပြီး ဒီပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

နောက်ကျချိန်မှာ ပေးလိုက်ရတဲ့ဂိုးကို ပြန်ချေပဖို့ အချိန်အလွန်နည်းနေတာကြောင့် ဗိုလ်စွဲဖို့ ပိုမိုရေပန်းစားနေတဲ့ ဖီအိုရမ်တီးနားအသင်းအနေနဲ့ ဒုတိယနေရာနဲ့သာ ကျေနပ်လိုက်ရပါတယ်။ မနှစ်တုန်းက ဗိုလ်လုပွဲမှာလည်း ဖီအိုရမ်တီးနားအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ပွဲချိန်(၉၀)မိနစ်မှ နောက်ကျအနိုင်ဂိုးပေးပြီး ရှုံးခဲ့ရတာဖြစ်လို့ တူညီတဲ့ကံကြမ္မာကို (၂)နှစ်ဆက် ကြုံတွေ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *