နာပိုလီနည်းပြသစ်ဖြစ်လာတဲ့ ကွန်တီ

0

ပြီးခဲ့တဲ့ဘောလုံးရာသီကို စိတ်ပျက်စရာရလဒ်တွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ နာပိုလီအသင်းဟာ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

နာပိုလီအသင်းဟာ ၂၀၂၂-၂၃ ရာသီက စီးရီးအေဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြ စပယ်လက်တီထွက်ခွာသွားပြီးနောက် သူ့ရဲ့နေရာမှာ ရူဒီဂါစီယာ၊မက်ဇာရီနဲ့ ကယ်လ်ဇိုနာတို့ကို နည်းပြတွေအဖြစ်ခန့်အပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့်(၁၀)နေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် နာပိုလီအသင်းဟာ ကလပ်ကို အောင်မြင်မှုရယူပေးနိုင်မယ့် နည်းပြသစ်ကို ရှာဖွေခဲ့ပြီး အီတလီမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ကွန်တီကို ခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကွန်တီဟာ စပါးအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တာဖြစ်ပြီး ကလပ်အသင်းနဲ့အဆင်မပြေမှုတွေဖြစ်ခဲ့တဲ့အတွက် (၁၆)လအကြာ ၂၀၂၃ မတ်မှာ နှစ်ဦးသဘောတူလမ်းခွဲပြီး ထွက်ခွာခဲ့တာပါ။ အီတလီနည်းပြဟောင်း ကွန်တီဟာ ပြီးခဲ့တဲ့ရာသီမှာ ကလပ်အသင်းအချို့ရဲ့ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ကွန်တီက “နာပိုလီရဲ့အရန်ခုံတန်းပေါ်မှာထိုင်ရမယ့် စိတ်ကူးအတွက် ကျွန်တော်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်ဟာ ကလပ်အသင်းတိုးတက်မှုရဖို့အတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတာ သေချာပေါက်ကတိပေးနိုင်ပါတယ်”လို့ ကလပ်အသင်းဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။

အသက်(၅၄)နှစ်အရွယ်ရှိ ကွန်တီဟာ သူ့ရဲ့နည်းပြဘဝမှာ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလား(၃)ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်၊FA ဖလား၊အင်တာမီလန်အသင်းနဲ့ စီးရီအေဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *