မာရက်စ်ကာအတွက် လက်စတာအသင်းကို လျော်ကြေး ပေါင်(၁၀)သန်းပေးခဲ့ရတဲ့ချယ်လ်ဆီး

0

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် မာရက်စ်ကာကို ခန့်အပ်ခြင်းအတွက် သူ့ရဲ့အရင်အသင်း လက်စတာကို လျော်ကြေးပေါင်(၁၀)သန်းပေးခဲ့ရပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာရဲ့လက်ထောက်နည်းပြဟောင်းဖြစ်သူ မာရက်စကာကို ချယ်လ်ဆီးအသင်းက တစ်နှစ်လစာငွေ ပေါင်(၄.၂)သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

လက်စတာအသင်းကို မာရက်စ်ကာအတွက် လျော်ကြေးပေါင်(၈)သန်း၊ ကျန်နည်းပြအဖွဲ့ဝင်တွေအတွက် ပေါင်(၂)သန်းပေးခဲ့ရတာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေကဖော်ပြကြပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ သူများအသင်းတွေမှာ စာချုပ်သက်တမ်းရှိနေသေးတဲ့နည်းပြတွေကို ခေါ်ယူမှုအတွက် လျော်ကြေးအကြိမ်ကြိမ်ပေးခဲ့ရဖူးပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပေးချေရတဲ့ လျော်ကြေးစုစုပေါင်းပေါင်(၅၅)သန်းအထက်မှာ ရှိနေပါတယ်။

အသင်းကို ရုရှားသူဌေးအေဘရာမိုဗစ်ချ်ဝယ်ယူအပြီး ၂၀၀၄ ခုနှစ်မှာ ပေါ်တိုအသင်းက မော်ရင်ဟိုကို ခေါ်ယူမှုအတွက် လျော်ကြေးပေါင်(၁.၇)သန်းပေးခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပေါ်တိုအသင်းထံက နည်းပြဘိုအက်ရှ်ကို ခေါ်ယူမှုအတွက် လျော်ကြေးပေါင်(၁၃.၃)သန်းပေးခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်မှာ နာပိုလီအသင်းထံက နည်းပြဆာရီကိုခေါ်ယူမှုအတွက် လျော်ကြေးပေါင်(၅)သန်းပေးခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းထံက နည်းပြဖရန့်လမ်းပတ်ကို ခေါ်ယူမှုအတွက် လျော်ကြေးပေါင်(၄)သန်းပေးခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာ ဘရိုက်တန်အသင်းက နည်းပြဂရေဟမ်ပေါ်တာကို ခေါ်ယူမှုအတွက် လျော်ကြေးပေါင် (၂၁.၅)သန်းပေးခဲ့ရပြီး ဒါက ချယ်လ်ဆီးအသင်းသမိုင်းမှာ နည်းပြသစ်တစ်ဦးခေါ်ယူမှုအတွက် အများဆုံးပေးခဲ့ရတဲ့ လျော်ကြေးပမာဏဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ၂၁ ရာစုမှာ ချယ်လ်ဆီးအသင်းအနေနဲ့ နည်းပြသစ်ခန့်အပ်မှုတွေမှာ ပေးချေရတဲ့ လျော်ကြေးငွေ စုစုပေါင်း(၅၅.၅)သန်းအထိရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ နည်းပြသစ်တွေခေါ်ယူမှုအတွက် ပေးရတဲ့ လျော်ကြေးငွေထက် နည်းပြတွေကို ရာထူးကထုတ်ပယ်ရာမှာ ပေးခဲ့ရတဲ့လျော်ကြေးငွေက အဆမတန်ပိုမိုများပြားခဲ့ပြီး ၂၁ ရာစုမှာ ထုတ်ပယ်ခဲ့တဲ့နည်းပြတွေကိုပေးခဲ့ရတဲ့ လျော်ကြေးငွေ စုစုပေါင်းက (၁၈၇.၅)သန်းအထိရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *