မန်ယူနိုက်တက်အသင်းရဲ့ဝင်ငွေအများဆုံးရရှိတဲ့ ကစားသမားစာရင်းမှာပါ ပါဝင်ဖို့ ဘရူနိုဖာနန်ဒက်စ်ဆန္ဒရှိ

0

Soccer Football - Premier League - Manchester United v Nottingham Forest - Old Trafford, Manchester, Britain - August 26, 2023 Manchester United's Bruno Fernandes Action Images via Reuters/Lee Smith

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းမှာ ဝင်ငွေအများဆုံးရရှိတဲ့ ကစားသမားတွေထဲက(၁)ဦးဖြစ်ချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ဂိုးသွင်းယူခဲ့ပြီး မန်စီးတီးအသင်းကို FA ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်နဲ့ မန်ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်အပါအဝင် (၂)နှစ်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ ၂၀၂၂ က မန်ယူနိုက်တက်အသင်းနဲ့ (၄)နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်ကိုပေါင်(၂၄၀,၀၀၀)ဝန်းကျင်ရရှိနေတာပါ။ ဒါပေမယ့် The Guardian သတင်းစာက ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိရရှိနေတဲ့ လုပ်ခလစာကို နည်းလွန်းတယ်လို့ခံစားနေရပြီး အသင်းဖော်တွေဖြစ်တဲ့ ရပ်ရှ်ဖိုဒ့်၊ဆန်ချို၊ကတ်စမဲရိုးတို့နဲ့အတူ တူညီတဲ့ လစာနှုန်းထားကို ရရှိချင်နေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့နှစ်ကချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်ကြောင့် တစ်ပတ်လုပ်ခပေါင်(၃၆၀,၀၀၀)ဝန်းကျင်ရရှိနေပြီး ဒေါ့မွန်အသင်းထံ အငှားသွားကစားခဲ့တဲ့ ဆန်ချိုက တစ်ပတ်လုပ်ခပေါင်(၃၀၀,၀၀၀)ဝန်းကျင်ရရှိကာ ဆော်ဒီကလပ်အသင်းတွေရဲ့ချိတ်ဆက်မှုခံနေရတဲ့ ကတ်စမဲရိုးက တစ်ပတ်လုပ်ခပေါင်(၃၅၀,၀၀၀)ဝန်းကျင် ရရှိနေတာပါ။ မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ဘရူနိုဖာနန်ဒက်စ်ကို အသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားတာကြောင့် ရောင်းမချချင်တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် လုပ်ခလစာအများအပြားရရှိမယ်လို့ ခံစားနေရတာပါ။ ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ် မန်ယူနိုက်တက်အသင်းမှာ ဆက်ရှိ၊မရှိကလည်း ဘရူနိုဖာနန်ဒက်စ်ရဲ့အနာဂတ်အပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *