ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ မက်ဒီဆင် ချန်လှပ်ခံရ

0

စပါးအသင်းကွင်းလယ်လူ မက်ဒီဆင်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့အပြီးသတ်ကစားသမား(၂၆)ဦးစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာ စပါးအသင်းအတွက် ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ မပါဝင်မယ့်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ အင်္ဂလန်(၃-ဝ)ဘော့စနီးယားခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ မက်ဒီဆင်ကို ဂျာမနီကို သွားရောက်မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ မခေါ်ဖို့ နည်းပြ ဆောက်ဂိတ်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်ဟာ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပဏာမကစားသမားဦးရေ(၃၃)ဦးထဲက (၇)ဦးကို လျှော့ချရမှာဖြစ်ပြီး ဒီထဲမှာ မက်ဒီဆင်ပါဝင်ခဲ့တာပါ။

ဆောက်ဂိတ်ဟာ မက်ဒီဆင်ကို ချန်လှပ်ခဲ့ပေမယ့် ဒဏ်ရာကြောင့် မန်ယူနိုက်တက်အသင်းအတွက် (၃)လကြာမကစားနိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ လုပ်ခ်ရှောကို အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ရွေးချယ်ဖို့ ရှိနေပါတယ်။ လုပ်ခ်ရှောဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် အင်္ဂလန်အသင်းနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဘော့စနီးယားအသင်းနဲ့ ခြေစမ်းပွဲကို လွဲချော်ခဲ့တဲ့ ဖိုဒန်၊ ကိုဘီမေနူး၊ ဝေါလ်ကာ၊ ဂျွန်စတုန်းစ်နဲ့ ဆာကာတို့ဟာ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *