ပရီးမီးယားလိဂ်ရဲ့ရှေ့ရေးကို အပြောင်းအလဲဖြစ်နိုင်တဲ့ မန်စီးတီး နဲ့ ပရီးမီးယားလိဂ် တိုက်ပွဲ

0

မန်စီးတီးအသင်းက ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို Associated Party Transaction (APT) စည်းမျဉ်းနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့အမှုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အလှည့်အပြောင်းတစ်ခုဖြစ်သွားနိုင်တယ်လို့ ပရီးမီးယားလိဂ်အသင်းတချို့ရဲ့တာဝန်ရှိတွေက သုံးသပ်ခဲ့ကြပါတယ်။

၂၀၂၁ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ကအသစ်ပြဋ္ဌာန်းခဲ့တဲ့ Associated Party Transaction (APT) စည်းမျဉ်းကို တရားဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့စည်းမျဉ်းအဖြစ်တရားရုံးမှာ မန်စီးတီးအသင်းက ပြသပြီး ဒီစည်းမျဉ်းကို ပြိုင်ပွဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေတာပါ။

မန်စီးတီးအသင်းက စာမျက်နှာ(၁၆၅)မျက်နှာရှိတဲ့ အချက်အလက်ပေါင်းများစွာနဲ့ သက်သေခံချက်တွေကို တင်ပြပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ APT စည်းမျဉ်းကိုအသုံးပြုပြီး မိမိတို့ကို ခွဲခြားဆက်ဆံအရေးယူမှုတွေရှိနေတယ်လို့ တရားရုံးမှာ သက်သေပြနိုင်ဖို့ ကြိုးစားနေတာပါ။

APT စည်းမျဉ်းဆိုတာ ကလပ်အသင်းတစ်သင်းအနေနဲ့ သူတို့နဲ့ ဆက်နွယ်မှုရှိတဲ့ကုမ္ပဏီတွေနဲ့ စပွန်ဆာစာချုပ်တွေချုပ်ဆိုတဲ့အခါ ဒီစာချုပ်တွေမှာပါဝင်တဲ့ သဘောတူညီချက်တွေကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်တာဝန်ရှိသူတွေက စစ်ဆေးကြည့်ရှုခြင်း၊ မေးမြန်းခြင်း၊ စာရင်းစစ်ဝင်ခြင်းအစရှိတာတွေ ပြုလုပ်နိုင်ပြီး ဒီစပွန်ဆာစာချုပ်တွေရဲ့တန်ဖိုးကိုပါ သင့်လျော်ခြင်းရှိမရှိ ဆုံးဖြတ်နိုင်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ စီးပွားရေးလည်ပတ်မှုကို ဝင်ရောက်ထိန်းချုပ်နိုင်တဲ့ဒီစည်းမျဉ်းက ဗြိတိန်မှာ လက်ရှိပြဋ္ဌာန်းထားတဲ့ စီးပွားရေးဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ မန်စီးတီးအသင်းတာဝန်ရှိသူတွေက တုံ့ပြန်ခဲ့ပြီး ဥပဒေကြောင်းအရ တိုက်ပွဲဝင်သွားဖို့ စီစဉ်နေတာပါ။

ဒီအမှုအတွက် ကြားနာမှုကို လာမယ့် ဇွန်(၁၀)ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး (၂)ပတ်ကြာ ကြားနာပြီးမှ အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာပါ။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စွဲချက်တင်ထားတဲ့ စွဲချက်ပေါင်း(၁၁၅)ခုကို တရားဝင်ကြားနာမှု မစတင်သေးခင်မှာပဲ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ကို တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါကို ချယ်လ်ဆီး၊ ဗီလာနဲ့ နယူးကာဆယ်အသင်းတို့က ထောက်ခံခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်အသင်းငယ်တွေကတော့ ပရီးမီးယားလိဂ်ကို တရားဥပဒေကြောင်းအရ ရင်ဆိုင်တဲ့ မန်စီးတီးအသင်းရဲ့လုပ်ရပ်ကို မကျေမနပ်ဖြစ်နေပြီး ဝေဖန်မှုတွေရှိနေပါတယ်။ ဒီအမှုမှာ မန်စီးတီးအသင်းအနိုင်ရပြီး APT စည်းမျဉ်းမရှိတော့ရင် ပရီးမီးယားလိဂ်မှာ ကလပ်အသင်းတွေအကြား မညီမျှမှု ပိုမိုကြီးထွားလာပြီး ဟန်ချက်မညီတဲ့ပြိုင်ပွဲဖြစ်လာလိမ့်မယ်လို့ ပရီးမီးယားလိဂ်ကလ်အသင်းနှစ်သင်းရဲ့ အကြီးပိုင်းတာဝန်ရှိသူ(၂)ဦးက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဒီအမှုမှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဘယ်သူအနိုင်ရမလဲ .. ပရီးမီးယားလိဂ်ရှေ့ရေးကရော ဘယ်လိုဖြစ်လာမလဲ စိတ်ဝင်စားစရာပါပဲ …

Leave a Reply

Your email address will not be published. Required fields are marked *