ယူရို- ၂၀၂၄ အပြီးသတ်လူစာရင်းမှာ ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့ကြလို့ အင်္ဂလန်ကြယ်ပွင့်တွေ အံ့အားသင့်

0

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား(၂၆)ဦးစာရင်းထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးတောင်ပံကစားသမား ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့တဲ့အတွက် အင်္ဂလန်ကြယ်ပွင့်ကစားသမားတွေဟာ အံ့အားသင့်နေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမထုတ်ပြန်ခင်ကတည်းက ဂရီးလစ်ရှ်ဟာ လူစာရင်းက ချန်လှပ်ခံရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။

အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ဂရီးလစ်ရှ်အပြင် ခြေသလုံးကြွက်သားဒဏ်ရာရရှိနေတဲ့ မန်ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲယားလည်း ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ The Telegraph က အင်္ဂလန်အသင်းကြယ်ပွင့်တွေဟာ ဂရီးလစ်ရှ်ကို ချန်ခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သူတို့နားလည်အောင်ရှင်းပြဖို့ နည်းပြဆောက်ဂိတ်ကို ပြောထားတယ်လို့ ဖော်ပြထားတာပါ။

ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် အကောင်းဆုံးမစွမ်းဆောင်နိုင်ခဲ့ပေမယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် နည်းပြဆောက်ဂိတ် ယုံကြည်မှုရရှိအောင် စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ဆောက်ဂိတ်ကတော့ သူတို့မှာ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာတွေအများကြီးရှိတာကြောင့် ဂရီးလစ်ရှ်နဲ့ မက်ဒီဆင်တို့ကို ချန်လှပ်ခဲ့တာလို့ မီဒီယာသမားတွေကို ပြောခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *