အိုလံပစ်ပြိုင်ပွဲကစားချင်လို့ အက်စတွန်ဗီလာရဲ့ ဆုံးဖြတ်ချက်ကို တိုက်ပွဲဝင်ဖို့ အီမီမာတီနက်ဇ် စီစဉ်

0

အက်စတွန်ဗီလာအသင်းဟာ နွေရာသီမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ဂိုးသမား အီမီမာတီနက်ဇ်ကို ခေါ်ယူခြင်းမပြုဖို့ အာဂျင်တီးနားအသင်းကို အသိပေးထား
ပေမယ့် အီမီလီယာနိုမာတီနက်ဇ်ကတော့ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ စိတ်အားထက်သန်နေတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို တိုက်ပွဲဝင်ဖို့ စီစဉ်နေပါတယ်။

အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့ဂိုးသမားကို အိုလံပစ်ပြိုင်ပွဲထံ ထပ်မံစေလွှတ်ဖို့ ဆန္ဒမရှိတာပါ။

အာဂျင်တီးနားလက်ရွေးစင် အသင်းဖော် ဂိုးသမားတွေနဲ့ လေ့ကျင့်ရေးဆင်းနေသည့် အီမီမာတီနက်ဇ်

ကိုပါအမေရိကဖလားပြိုင်ပွဲကို ဇွန်(၂၀)ရက်ကနေ ဇူလိုင်(၁၄)ရက်အထိ ကျင်းပမှာဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်(၂၄)ရက်ကနေ သြဂုတ်(၁၀)ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်(၁၇)ရက်မှာ စတင်မှာဖြစ်တာကြောင့် ကစားသမားတစ်ဦးအနေနဲ့ ဒီပြိုင်ပွဲ(၂)ခုစလုံးကို ပါဝင်ကစားခဲ့မယ်ဆိုရင် အနားယူချိန်နည်းပါးသွားမှာပါ။

အက်စတွန်ဗီလာအသင်းဂိုးသမား အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် ပြိုင်ပွဲ(၂)ခုစလုံးပါဝင်ကစားချင်နေပြီး အာဂျင်တီးနားအိုလံပစ်အသင်းနည်းပြ မာရှေယာနိုဟာ အီမီမာတီနက်ဇ်ကို ပြိုင်ပွဲထံ ခေါ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပြိုင်ပွဲ(၂)ခုစလုံးကို ပါဝင်ကစားဖို့ အလိုမရှိပေမယ့် အီမီမာတီနက်ဇ်ဟာ ဒါကို တိုက်ပွဲဝင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အီမီမာတီနက်ဇ်က “ကျွန်တော်ဟာ အိုလံပစ်ပြိုင်ပွဲကစားချင်တဲ့အတွက် ကလပ်အသင်းနဲ့ အနည်းငယ်တိုက်ပွဲဝင်ရမယ်ဆိုတာကို သိပါတယ်။ ကလပ်က ဒီပြိုင်ပွဲအတွက် လူတိုင်းကို ခွင့်မပြုဘူးဆိုတာလည်း သိပါတယ်။ အိုလံပစ်ပြိုင်ပွဲအတွက် အခွင့်အရေးအနည်းငယ်ပဲရှိတယ်ဆိုတာ သိပေမယ့် ကျွန်တော်ဟာ နိုင်ငံအတွက်ပါဝင်ချင်လို့ ကလပ်နဲ့ အနည်းငယ်တိုက်ပွဲဝင်ရမှာပါ”လို့ TyC Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

အီမီမာတီနက်ဇ်ရဲ့အာဂျင်တီးနားအသင်းဖော်တွေဖြစ်တဲ့ ဂါနာချိုနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ကိုလည်း မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က အိုလံပစ်ပြိုင်ပွဲထံ မစေလွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *