လောင်းကစားစည်းမျဉ်းးချိုးဖောက်မှုကြောင့် ပွဲပယ်ခံခဲ့ရတဲ့ ဖာဂီယိုလီကို ယူရိုအပြီးသတ်လူစာရင်းထဲ အီတလီရွေးချယ်

0

အီတလီအသင်းဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် (၇)လကြာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကနေ မကြာသေးခင်ကမှ ပြန်လာနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ဖာဂီယိုလီကို ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းထဲ ရွေးချယ်ခဲ့ပါတယ်။

ဖာဂီယိုလီဟာ ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လာနိုင်ခဲ့ပြီးနောက် ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အီတလီအသင်းရဲ့ပဏာမလူစာရင်းထဲ ပါဝင်လာခဲ့တာပါ။

ဖာဂီယိုလီဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ပွဲပယ်ခံခဲ့ရပြီး ဒဏ်ကြေးငွေပေါင်(၁၀,၈၅၀) ချမှတ်ခံခဲ့ရသလို လောင်းကစားစွဲလမ်းမှုအတွက် ကုသမှုလည်း ခံခဲ့ရပါတယ်။ ဖာဂီယိုလီဟာ မေ(၂၀)ရက်က ဂျူဗင်တပ်စ်အသင်းနဲ့ ဘိုလော့ဂ်နာအသင်းတို့(၃)ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ပြန်လည်ကစားနိုင်ခဲ့တာပါ။

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ပဏာမလူစာရင်းထဲကနေ ဘိုလော့ဂ်နာအသင်းတောင်ပံကစားသမား အော်ဆိုလီနီ၊ တိုရီနိုကွင်းလယ်လူ ရီချီနဲ့ လာဇီယိုဂိုးသမား ပရိုဗီဒယ်လ်တို့ကို ချန်လှပ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အီတလီအသင်းလူစာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား(၂)ဦးဖြစ်တဲ့ အာဆင်နယ်အသင်းကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ စပါးအသင်းဂိုးသမား ဗီကာရီယိုတို့ပါဝင်ခဲ့ပါတယ်။

အီတလီအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ချန်ပီယံဆုကို ကာကွယ်ရမယ့် အီတလီအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စု(B)မှာ စပိန်၊ခရိုအေးရှား၊အယ်လ်ဘေးနီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *