ဘာစီလိုနာကိုမရွေးချယ်ဘဲ ရီးရဲလ်နဲ့ မန်စီးတီးတို့ကိုသာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေအဖြစ် မက်ဆီသတ်မှတ်

0

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နည်းပြဟောင်း ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းတို့ကို ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မကြာသေးခင်ကမှ ချန်ပီယံလိဂ်ဖလားကို (၁၅)ကြိမ်မြောက်ရရှိထားပြီး မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်(၄)ကြိမ်ဆက်တိုက်ရရှိထားတာပါ။

၂၀၂၃/၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ရီးရဲလ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ခဲ့စဉ်

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်မှာတွေ့ဆုံခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ Infobae နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ပတ်သက်ပြီးမေးမြန်းခံခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်စီးတီးအသင်း(၂)သင်းစလုံးလို့ ဖြေသွားခဲ့တာပါ။

မက်ဆီက “ရလဒ်တွေအရပြောရရင် ရီးရဲလ်မက်ဒရစ်အသင်းပါ၊ သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို ရယူထားတာပါ။ ကစားပုံအရပြောရရင် ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းပါ။ ကျွန်တော့်အတွက် ကစားပုံအရဆိုရင် မန်စီးတီးအသင်းက အကောင်းဆုံးဖြစ်ပြီး ရလဒ်တွေအရဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းက အကောင်းဆုံးပါ”လို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ ဂွါဒီယိုလာလက်ထက်မှာ ဘာစီလိုနာအသင်းအတွက်ကစားခဲ့ချိန်က လာလီဂါဖလား(၃)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၁၄)ခုအထိ ရယူနိုင်ခဲ့တာပါ။ မက်ဆီဟာ လက်ရှိအချိန်မှာ ချန်ပီယံဆုကာကွယ်ရမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားအသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *