အိုက်စလန်ကိုရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းကို ပရိသတ်တွေလှောင်ပြောင်

0

မနေ့က အင်္ဂလန်(ဝ-၁)အိုက်စလန်ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်အသင်းပရိသတ်တွေဟာ နိုင်ငံအသင်းရဲ့စိတ်ပျက်စရာစွမ်းဆောင်ရည်တွေကို လှောင်ပြောင်ခဲ့ကြပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲစဉ်မှာ အိုက်စလန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အင်္ဂလန်အသင်းပရိသတ်တွေက စိတ်ပျက်ခဲ့ကြတာပါ။

အင်္ဂလန်အသင်းဟာ ဒီရှုံးပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ ဘော့စနီးယားအသင်းကို ခြေစမ်းပွဲမှာအနိုင်ရခဲ့တာကလွဲပြီး ကျန်ပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ အိုက်စလန်အသင်းနဲ့ပွဲမှာ ပရိသတ်တွေလှောင်ပြောင်မှုခံခဲ့ရတာနဲ့ ပတ်သက်ပြီး အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က “သူတို့ရဲ့လှောင်ပြောင်မှုတွေကို ကျွန်တော်လုံးဝနားလည်ပါတယ်။ ပွဲထဲမှာ သူတို့ကို စိတ်လှုပ်ရှားစရာဖြစ်အောင် ကျွန်တော်တို့ ကောင်းမွန်စွာမကစားနိုင်ခဲ့ဘူး”လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။

ဒီပွဲစဉ်မှာ အင်္ဂလန်အသင်းဗဟိုနောက်ခံလူ ဂျွန်စတုန်းစ်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ကွင်းထဲမှာ ကုသမှုခံယူခဲ့ရပြီးနောက် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဂျွန်စတုန်းစ်အဆင်ပြေမယ်လို့ထင်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။ အင်္ဂလန်အသင်းဟာ အဓိကဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ မက်ဂွဲယားကိုလည်း ဒဏ်ရာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ရွေးချယ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ ဇွန်(၁၆)ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *