ပရီးမီးယားလိဂ်မှာ ပြန်မြင်တွေ့ရဖွယ်ရှိတဲ့ ဆိုးလ်ရှား

0

နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့အတွက် ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လက်စတာအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ကာဒစ်ဖ်စီးတီးအသင်းနဲ့ မိုလ်ဒီအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ဆိုးလ်ရှားဟာ ၂၀၂၁ နိုဝင်ဘာက မန်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးတာပါ။

ဆိုးလ်ရှားဟာ မကြာသေးခင်က တူရကီကလပ် ဘီဆစ်တက်အသင်းနည်းပြသစ်ဖြစ်လာမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ ဘီဆစ်တက်အသင်းဟာ ရိန်းဂျားစ်အသင်းနည်းပြဟောင်း ဗန်ဘရွန်ခရော့စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ အခွင့်အရေးရှိလာခဲ့ပြီး လက်စတာအသင်းနဲ့ နည်းပြရာထူးအတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ The Sun က ဖော်ပြထားတာဖြစ်ပါတယ်။

လက်စတာအသင်းဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာသွားခဲ့တဲ့ နည်းပြ မာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေမှုပြုလုပ်နေတာပါ။ အဲ့ဒါကြောင့် ဆိုးလ်ရှားဟာ လက်စတာအသင်းရဲ့နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း လက်စတာအသင်းကို ကိုင်တွယ်ချင်နေတယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာရပ်တည်နိုင်အောင်ကိုင်တွယ်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင်လည်း ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

လက်စတာအသင်းဟာ အစောပိုင်းက လာဇီယိုအသင်းနည်းပြဟောင်း ဆာရီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် သူကကိုင်တွယ်ဖို့ စိတ်မဝင်စားခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားဘက်ကို လှည့်လာခဲ့ပြီး နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *