ဒဏ်ရာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲကို ဖရန်ကီဒီယွန်းလွဲချော်မယ်လို့ နယ်သာလန်အတည်ပြု

0

ဘာစီလိုနာအသင်းကွင်းလယ်လူ ဖရန်ကီဒီယွန်းဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲကို လွဲချော်မယ်လို့ နယ်သာလန်အသင်းက အတည်ပြုလိုက်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမစတင်ခင်မှာ အဓိကကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ဆုံးရှုံးခဲ့ရတာကြောင့် နယ်သာလန်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရတာပါ။

ဖရန်ကီဒီယွန်းဟာ ဧပြီ(၂၁)ရက်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ညာဘက်ခြေချင်းဝတ်ဒဏ်ရာရရှိပြီးကတည်းက ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖရန်ကီဒီယွန်းဟာ နည်းပြ ရော်နယ်လ်ကိုးမန်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်းရဲ့ကစားသမား(၂၆)ဦးစာရင်းမှာ ပါဝင်ခဲ့တာကြောင့် သူဟာ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ဖရန်ကီဒီယွန်းဟာ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် လုံလောက်တဲ့ကြံ့ခိုင်မှုမရှိဘူးလို့ နယ်သာလန်အသင်းက အတည်ပြုခဲ့ပါတယ်။

ဘာစီလိုနာအသင်းကွင်းလယ်လူ ဖရန်ကီဒီယွန်းက ယူရိုပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပါဝင်ခွင့်မရတဲ့အတွက် ဝမ်းနည်းပြီး စိတ်ပျက်မိတယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ ဖရန်ကီဒီယွန်းက သူဟာ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ အလုပ်တွေအများကြီးလုပ်ခဲ့ပေမယ့် သူ့ရဲ့ခြေချင်းဝတ်က အချိန်လိုအပ်နေတဲ့အတွက် နယ်သာလန်အသင်းကို အပြင်ကနေပဲ အားပေးသွားမယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ဖရန်ကီဒီယွန်းရဲ့ဒဏ်ရာအတွက် အသင်းဟောင်း ဘာစီလိုနာအသင်းကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။ ဖရန်ကီဒီယွန်းဟာ ဒဏ်ရာက အမြန်ဆုံးသက်သာအောင်လုပ်ဖို့အတွက် ဘာစီလိုနာအသင်းထံ ပြန်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *